ချယ်လ်ဆီးနည်းပြအဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို တရားဝင်ခန့်အပ်

ချယ်လ်ဆီးနည်းပြအဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို တရားဝင်ခန့်အပ်
Published 14 July 2018

ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြသစ်အဖြစ် ကာလရှည်သတင်းထွက်ခဲ့သည့် အီတလီလူမျိုး မော်ရီဇီယိုဆာရီကို တရားဝင်ခန့်အပ်ကြောင်း ဇူလိုင်(၁၄)ရက်က အတည်ပြုပြောကြားခဲ့သည်။

အီတလီနိုင်ငံသားပင်ဖြစ်သည့် ကွန်တီကို ဇူလိုင်လ(၁၃)ရက်က နည်းပြရာထူးမှထုတ်ပယ်ပြီးနောက် တစ်ရက်အကြာတွင် နည်းပြသစ်ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဆာရီကို (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း BBCသတင်းဌာနက ဖော်ပြခဲ့သည်။

'' ကျွန်တော့်ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တစ်ခုပါပဲ။ အသင်းပရိသတ်တွေထံ ပိုပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ကစားဟန်ကို ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ရာသီကုန်ပိုင်းမှာ ဆုဖလားအားလုံး
အတွက် ပြိုင်ပွဲဝင်နေရမယ်။ ဒါက ဒီအသင်းနဲ့ ထိုက်တန်တဲ့အရာပါပဲ'' ဟု ဆာရီက ပြောကြားခဲ့သည်။

ဆာရီသည် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် အသင်းကိုစတင်ပိုင်ဆိုင်ခဲ့သည့် ၂၀၀၃ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်း၏ (၁၃)ဦးမြောက်နည်းပြဖြစ်လာပြီး ယင်းထဲတွင် မော်ရင်ဟို၊ ဂူဟစ်ဒင့်တို့ကို နှစ်ကြိမ်တိုင် ခန့်အပ်ခြင်းများလည်း ရှိခဲ့သည်။

ဆာရီ၏လက်ထက်တွင် နာပိုလီအသင်းမှာ ပိုမိုအင်အားတောင့်တင်းလာခဲ့သော်လည်း ၎င်းတာဝန်ယူခဲ့သည့် (၃)ရာသီအတွင်း ဆုဖလားတစ်လုံးမျှ မရရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဆာရီ၏စာချုပ်လျော်ကြေးအတွက် နာပိုလီအသင်းကို ပေါင်(၄.၅)သန်းပေးချရဖွယ် ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent