Published 12 July 2018

မေဂျာပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲများတွင် အင်္ဂလန်အသင်း (၄)ကြိမ်ဆက်ရှုံးနိမ့်ခြင်းအဖြစ် မှတ်တမ်းဝင်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက် ခရိုအေးရှားအသင်းကို (၁-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလား၊ ယူရိုစသည့် အဓိကပြိုင်ပွဲကြီးများတွင် ဆီမီးဖိုင်နယ် (၄)ကြိမ်ဆက်ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် အိမ်ရှင်အဖြစ်ကျင်းပသည့် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(၁)ကြိမ်သာ ချန်ပီယံဖြစ်ခဲ့ပြီး ယူရို-၆၈၊ ၁၉၉၀ ကမ္ဘာ့ဖလား၊ ယူရို- ၉၆ နှင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲများတွင် (၄)ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်နှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ထရစ်ပီယာ၏ (၄) မိနစ်၊ (၄၄)စက္ကန့်တွင်သွင်းယူသော ဖရီးကစ်ဂိုးသည် ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် အမြန်ဆုံးဂိုးဖြစ်ခဲ့သော်လည်း ခရိုအေးရှားအသင်းသွင်းယူသည့် နာကျင်အချိန်ပိုအနိုင်ဂိုးမှာမူ အင်္ဂလန်အသင်း၏ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် နောက်အကျဆုံးပေးဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် သူ၏ အသင်းအတွက် ဂုဏ်ယူမိသော်လည်း ဗိုလ်လုပွဲမတိုင်မီ ရပ်တန့်သွားခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်းလည်း ဝန်ခံခဲ့သည်။ ''ခရိုအေးရှားအသင်းဟာ ဒုတိယပိုင်းမှာကောင်းစွာကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘောလုံးကို ကိုင်ထား လို့လည်း မရခဲ့ပါဘူ။ အဲဒီမှာပဲ အခက်အခဲတွေ စတင်လာခဲ့တာပါ'' ဟု ဆောက်ဂိတ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် သူ၏အသင်းမှာ အတွေ့အကြုံအလွန်ကြွယ်ဝသည့် အသင်းများကိုပင် အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ပြိုင်ပွဲများများကစားခြင်းမှာ အသင်းကိုတိုးတက်လာစေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် မေဂျာပြိုင်ပွဲ (၅)ကြိမ်ရလဒ်

အင်္ဂလန်၂-၁ ပေါ်တူဂီ (၁၉၆၆ ကမ္ဘာ့ဖလား)

ယူဂိုဆလားဗီးယား ၁-၀ အင်္ဂလန် (ယူရို -၁၉၆၈)

အနောက်ဂျာမနီ ၁-၁ အင်္ဂလန် (ပယ်နယ်တီ ၄-၃ဖြင့် အနောက်ဂျာမနီနိုင်- ၁၉၉၀ ကမ္ဘာ့ဖလား)

ဂျာမနီ ၁-၁ အင်္ဂလန် (ပယ်နယ်တီ၆-၅ဖြင့် ဂျာမနီနိုင် - ယူရို ၁၉၉၆)

ခရိုအေးရှား ၁-၁ အင်္ဂလန် (အချိန်ပို ၂-၁ဖြင့် ခရိုအေးရှားနိုင် ၂၀၁၈ ကမ္ဘာ့ဖလား)

 

Most Read

Most Recent