<

ဘယ်လ်ဂျီယံကို ရပ်တန့်ခဲ့ပြီး ပြင်သစ်တို့ ဗိုလ်လုပွဲကို တတိယအကြိမ်မြောက်တက်ရောက်

Photo: AFP

နှစ်သင်းစလုံးမှာ ကြယ်ပွင့်ကစားသမားတွေ အားပြိုင်ခဲ့ကြပြီး ပွဲအပြီးမှာတော့ ပြင်သစ်အသင်းက (၁-၀)ဂိုးနဲ့အနိုင်ယူကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တတိယအကြိမ်မြောက်တက်ရောက်ခဲ့ပါတယ်။

ဒါဟာ ပြင်သစ်အသင်းအတွက် ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ပြိုင်ပွဲအပါအ၀င် နောက်ဆုံး ပြိုင်ပွဲ (၆)ကြိမ်မှာ ဗိုလ်လုပွဲကို (၃)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘယ်အသင်းထက်မဆို သာလွန်တဲ့မှတ်တမ်းလည်းဖြစ်ခဲ့ ပါတယ်။

ဘယ်လ်ဂျီယံအသင်းမှာ မြူနီယာ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်တာကလွဲရင် အတောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာပြီး ဟာဇက်၊ ဒီဘရိုင်းနား၊ လူကာကူတို့နဲ့ တိုက်စစ်ကိုဦးတည်ကိုကြိုးစားခဲ့ပါတယ်။

ပြင်သစ်အသင်းကလည်း အဓိကကစားသမားအစုံအလင်နဲ့ ကစားကွက်ခင်းကျင်းခဲ့ပြီး ဘာပေ၊ ဂရီးဇ်မန်းတို့ရဲ့ ပြေးအား၊ ရုန်းအားနဲ့ ဘယ်လ်ဂျီယံခံစစ်ကို ဖိအားပေးဖို့ ပြင်ဆင်ခဲ့တာပါ။

ပွဲစတာနဲ့ဘယ်လ်ဂျီယံတို့ ထရစပ်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးများစွာရရှိခဲ့ပါတယ်။

ပြင်သစ်ကတော့ ပွဲအစပိုင်းမှာကစားကွက်တည်မရခဲ့ဘဲ အထူးသဖြင့် ဟာဇက်ကိုထိန်းချုပ်ဖို့ကြိုးစားရင်းနဲ့ပဲ အချိန်ကုန်နေတာပါ။

ပထမပိုင်းမိနစ် (၃၀)အတွင်း ဘယ်လ်ဂျီယံတို့ရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေး (၄)ကြိမ်လောက်ကို ပြင်သစ်နောက်ခံလူ အမ်တီတီနဲ့ ဂိုးသမားလိုရစ်တို့ အကောင်းဆုံးကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပြင်သစ်အသင်းကစားကွက် ပြန်တည်နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းဘက်ကို ပြန်လည်ဖိအားပေးနိုင်ခဲ့ပါတယ်။

Photo: AFP

ပြင်သစ်အသင်းအတွက်အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၁)မိနစ်မှာ ဂရီးဇ်မန်းရဲ့ ထောင့်ကန်ဘောပေးပို့မှုကနေ အမ်တီတီက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ဒီပွဲမှာ အမ်တီတီ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ၁၉၉၈ ပြိုင်ပွဲမှာ လီဇာရာဇူး၊ လောရင့်ဘလန့်နဲ့ သူရမ်တို့ နောက်တန်းကစားသမား (၃)ဦး ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ပိုင်း ပါဗာ၊ ဗာရန်းနဲ့ အမ်တီတီတို့ကလည်း အခု ၂၀၁၈ ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်တဲ့မှတ်တမ်းကို ပြန်လည်ရရှိခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ ဘယ်လ်ဂျီယံအသင်း ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ပြင်သစ်အသင်းရဲ့ ကစားကွက်အောက်ကိုရောက်နေခဲ့ပြီး ဘာပေရဲ့ တိုးအား၊ ရုန်းအားက ဘယ်လ်ဂျီယံနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

Photo: AFP

ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်မြစ်ဖျားဖြစ်တဲ့ ဟာဇက်ကစားကွက်ကျပ်သွားတာကြောင့်လည်း ချေပဂိုးအတွက်ခက်ခဲခဲ့ရတာပါ။

ပြင်သစ်အသင်းက ဂျရူး၊ တိုလစ်ဆိုတို့ရဲ့ ကန်ချက်တွေ ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာ ကာကွယ်နိုင်ခဲ့တာကြောင့် (၁-၀)ဂိုးနဲ့ပဲ ပွဲပြီးသွားခဲ့ပြီး ပြင်သစ်တို့ ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပါတယ်။

ရှုံးပွဲတွေ့ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းအတွက်တော့ ပထမဆုံးသော ဗိုလ်လုပွဲမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပါတယ်။

July 11, 2018














Copy Protected by Chetan's WP-Copyprotect.