ဘာပေ၏အသက်အရွယ်ဖြင့် စွမ်းဆောင်မှုမျိုးကို လုံးဝမမြင်ဖူးခဲ့ဟု ဟာဇက် ချီးကျူး

ဘာပေ၏အသက်အရွယ်ဖြင့် စွမ်းဆောင်မှုမျိုးကို လုံးဝမမြင်ဖူးခဲ့ဟု ဟာဇက် ချီးကျူး
Published 10 July 2018

Photo:AFP

ဘယ်လ်ဂျီယံအသင်း၏အသင်း ခေါင်းဆောင် ဟာဇက်က ဘာပေ၏ အသက်အရွယ်ဖြင့် စွမ်းဆောင်မှုမျိုး ကို မိမိတစ်ခါမှမမြင်ဖူးခဲ့ကြောင်း ချီး ကျူးပြောကြားခဲ့သည်။

ဟာဇက်က ''ဘာပေက ငယ်ငယ်ကတည်းက ကျွန်တော်ကစားတဲ့ပွဲတွေကို ကြည့်ခဲ့တယ်လို့ ပြောတဲ့အတွက် ကျွန်တော်က သက်ကြီးကစားသမားတစ်ဦးလို ဖြစ်နေပါပြီ။ တကယ်တော့ ကျွန်တော်အသက်မကြီးသေးပါဘူး။ သူက အသက်အရွယ်နဲ့မမျှတဲ့ ခြေစွမ်းကို ပြသနေတာဖြစ်ပြီး သူ့အရွယ်နဲ့ ဒီလိုစွမ်းဆောင်မှုမျိုးကို ကျွန် တော်မမြင်ဖူးခဲ့ပါဘူး။ အခုတော့ သူကစားတဲ့ပွဲတွေကို ကျွန်တော် မကြာခဏကြည့်ဖြစ်နေပြီး သူ့ကိုလေးစားမိပါတယ်''ဟု ပြောကြားခဲ့သည်။

၎င်းတို့(၂)ဦးစလုံးမှာ လက်ရှိကမ္ဘာ့ဖလားတွင်လည်း ရွှေဘောလုံး(အကောင်းဆုံးဘောလုံးသမား)ဆု ဆွတ်ခူးရန် ရေပန်းစားနေပြီး အလေးပေးချက်များတွင် ဘာပေက နံပါတ်(၁)နေရာနှင့် ဟာဇက်က နံပါတ်(၃)နေရာများတွင် ရပ်တည်လျက်ရှိသည်။

ထို့ပြင် ဘာပေသည် အသက်(၂၁)နှစ်နှင့်အောက် ကစားသမားများကိုသာ ချီးမြှင့်သည့် လူငယ်အကောင်းဆုံးဆုကိုလည်း ဆွတ်ခူးနိုင်ရန် အပြတ်အသတ်ရေပန်းစားနေသည်။

ဘာပေအနေဖြင့် ပြင်သစ်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရသည့် ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပြင်သစ်အသင်း၏အသက်အငယ်ဆုံး ဂိုးသွင်းသူလည်းဖြစ်သည်။

ပြင်သစ်အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့မှာ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဖြစ် ဇူလိုင်လ (၁၀)ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

Most Read

Most Recent