သတင်းတိုများ ဖော်ပြမှု

သတင်းတိုများ ဖော်ပြမှု
Published 9 July 2018

 

Photos: AFP,The Sun

■ ၁၉၉၈ အောင်မြင်မှုကို ကျော်ဖြတ်မည်ဟု ခရိုအေးရှားနည်းပြ ဒါလစ်ဒါလစ် ဆို

ခရိုအေးရှားအသင်းနည်းပြ ဒါလစ်က အသင်းအနေဖြင့် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အောင်မြင်မှုကိုကျော်ဖြတ်ရန် အလိုရှိနေကြောင်း ပြောကြားခဲ့သည်။
၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိခဲ့ခြင်းမှာ ခရိုအေးရှားအသင်း သမိုင်းတစ်လျှောက် အမြင့်ဆုံး အောင်မြင်မှုအဖြစ် မှတ်တမ်းဝင်နေသည်။
ဒါလစ်က "၁၉၉၈ မှာ ကြေးတံဆိပ်ရ ခဲ့တာ ခရိုအေးရှားအားကစားသမိုင်းမှာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်နေပါတယ်။ ဒီမှတ်တမ်းကို ကျော်ဖို့ဆိုရင် ကျွန်တော်တို့ ဆီမီးမှာနိုင်မှ ဖြစ်မှာပါ" ဟု ဆိုခဲ့သည်။ ခရိုအေးရှားသည် ဆီမီးတွင် အင်္ဂလန်အသင်းနှင့် တွေ့ဆုံနေသည်။

■ အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ရနိုင်ဟု ဆွီဒင်နည်းပြအန်ဒါဆန် သုံးသပ်

ဆွီဒင်အသင်းနည်းပြ အန်ဒါဆန်က အင်္ဂလန်အသင်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အင်္ဂလန်အသင်း ဆွီဒင်အသင်းအား (၂-ဝ)ဂိုးဖြင့် အနိုင်ယူကာ ၁၉၉၀ နောက်ပိုင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
အန်ဒါဆန်က "အင်္ဂလန်အသင်း ကစားတာ အရမ်းကောင်းပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အင်္ဂလန်အသင်းဟာ အခွင့်အရေးတောင် မပေးခဲ့ပါဘူး။ သူတို့ဟာ ဒီပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲနိုင် စွမ်းအပြည့်ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

■ ဆွီဒင် (ဝ-၂)အင်္ဂလန်ပွဲတွင် ဂျာမနီ ပရိသတ်များကြောင့် ထိုင်ခုံလွတ်များခဲ့

ဆွီဒင် (ဝ-၂)အင်္ဂလန်အသင်းတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ထိုင်ခုံလွတ်များ ထောင်ကျော်ရှိခဲ့ခြင်းမှာ ဂျာမနီအသင်းပရိသတ်များကြောင်း ဖြစ်သည်ဟု သိရှိရသည်။
ဂျာမနီအသင်းပရိသတ်များသည် သူတို့အသင်း ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စု(F)မှ ပထမနေရာရပြီး ကွာတားဖိုင်နယ်သို့ ကျိန်းသေတက်မည်ဟု ခန့်မှန်းကာ လက်မှတ်(၁၀၀၀၀)ကို FIFA ထံမှ ကြိုတင်ဝယ်ယူခဲ့ကြ ခြင်း ဖြစ်သည်။
သို့သော် ဂျာမနီအသင်းမှာ အုပ်စု (F)တွင် အောက်ဆုံးနေရာဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်းကို အားပေးမည့် ပရိသတ်များမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံမှ လက်မှတ်စောင်ရေ (၂၅၀၀)သာ ရရှိခဲ့ကြောင်းသိရသည်။
ဆွီဒင်နှင့် အင်္ဂလန်တို့ ကွာတားဖိုင်နယ် ပွဲစဉ်မစတင်မီ နံနက်ပိုင်းတွင် ကွင်းပြင်ပ၌ လက်မှတ်တစ်စောင်ကို ပေါင် (၃၀)ဖြင့် ရောင်းချမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent