၂၀၀၂ နောက်ပိုင်း ဥရောပအသင်းများအား ရှုံးနိမ့်ပြီး ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ (၄)ကြိမ်ဆက်ထွက်ခွာခဲ့ရ

၂၀၀၂ နောက်ပိုင်း ဥရောပအသင်းများအား ရှုံးနိမ့်ပြီး ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ (၄)ကြိမ်ဆက်ထွက်ခွာခဲ့ရ
Published 9 July 2018

 

Photos: AFP,Getty Images

 

ဘရာဇီးလ်အသင်းသည် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း ဥရောပအသင်းများကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ (၄)ကြိမ်ဆက်တိုက် ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။

ဘရာဇီးလ်အသင်းသည် ယခုနှစ် က မ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ခဲ့သော်လည်း ကွာတားဖိုင်နယ်တွင် ဥရောပအသင်းတစ်သင်းဖြစ်သည့် ဘယ်လ်ဂျီယံအသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ဘရာဇီးလ်အသင်းသည် အမိမြေတွင် ကျင်းပခွင့်ရခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဥရောပအသင်းတစ်သင်း ဖြစ်သည့် ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်တွင် (၁-၇)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းရှုံးပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်တွင် ဂိုးအပြတ်ဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ဘရာဇီးလ်အသင်း၏ ကမ္ဘာ့ဖလားသမိုင်းတွင်လည်း ဂိုးအပြတ်ဆုံး ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ဘရာဇီးလ်အသင်းသည် အဆိုပါပြိုင်ပွဲတွင် တတိယနေရာလုပွဲ၌လည်း ဥရောပမှ နယ်သာလန်အသင်းကို (ဝ-၃)ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။ ဘရာဇီးလ်အသင်းသည် တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင်လည်း ဒုတိယရရှိခဲ့သည့် နယ်သာလန်အသင်းကိုပင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒင်ဟိုတို့ နောက်ဆုံးကစားခဲ့သည့် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဘရာဇီးလ်အသင်းသည် ကွာတားဖိုင်နယ်တွင် ပြင်သစ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး အွန်နရီ၏ ပွဲချိန်(၅၇)မိနစ်သွင်းဂိုးကို ချေဖျက်နိုင်ခြင်းမရှိဘဲ (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသည်။

ထို့ပြင် ဘရာဇီးလ်အသင်းအပါအဝင် တောင်အမေရိကအသင်းများသည် ဥရောပတိုက်၌ ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ၁၉၅၈ ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်သာ ဗိုလ်စွဲနိုင်ခဲ့ဖူးကြောင်း သိရှိ ရသည်။

Most Read

Most Recent