အနာဂတ်အကြောင်းစဉ်းစားမည်မဟုတ်ဟု ဘရာဇီးလ်နည်းပြ ထိထီ ပြောကြား

အနာဂတ်အကြောင်းစဉ်းစားမည်မဟုတ်ဟု ဘရာဇီးလ်နည်းပြ ထိထီ ပြောကြား
Published 8 July 2018

 

Photos: AFP

 

ဘရာဇီးလ်အသင်းနည်းပြ ထိထီက ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် အနာဂတ်အကြောင်း စဉ်းစားမည်မဟုတ်ကြောင်း မီဒီယာများအား တုံ့ပြန်ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ထိထီလက်ထက် နှစ်နှစ်အတွင်း ပြိုင်ပွဲစုံ (၂၆) ပွဲကစားရာ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်အဆင့်မှ ငါးကြိမ်မြောက် ထွက်ခဲ့ရသည်။

ဘယ်လ်ဂျီယံအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီး အနာဂတ် နှင့်ပတ်သက်၍ မီဒီယာများက မေးမြန်းရာ ထိထီက " ဒါက ခါးသီးတဲ့ရှုံးနိမ့်မှုပါ။ အနာဂတ်အကြောင်း ပြောမှာမဟုတ်သလို စဉ်းစားနေမှာလည်းမဟုတ်ပါဘူး။ ဒီပွဲအပြင် ပြိုင်ပွဲတစ်လျှောက်လုံးရဲ့အခြေအနေကို ပြန်ပြီးသုံးသပ်သွားမှာပါ။ တစ်ဦးချင်းစီကိုတော့ မှတ်ချက်ပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရသလို အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိရောက်မှုမရှိဘဲ ဘယ်လ်ဂျီယံကတော့ အခွင့်အရေးတွေကို သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ သူတို့က ကွင်းထဲမှာ ကျွန်တော်တို့ထက် ပိုကောင်းနေတာ မဟုတ်ပေမယ့် အကျိုးသက်ရောက်မှုကတော့ ပိုများပါတယ်။ ဒါက အသေအချာပါပဲ" ဟု ဖြေကြားခဲ့သည်။

ပွဲအပြီးတွင် ငိုကြွေးနေသည့် တိုက်စစ်မှူး နေမာသည် မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းမရှိဘဲ နောက်ခံလူ မာဆယ်လိုကမူ "ဒါက ကြောက်စရာကောင်းတဲ့ညတစ်ညပါပဲ။ ခံစားချက်ကလည်း တော်တော်လေးဆိုး ပါတယ်။ ဒီခံစားချက်ကိုမျိုချနေရတာ တော်တော်မလွယ်ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent