ကတိပြုထားသည့်အတိုင်းပြင်သစ်အသင်း၏ ဆီမီးဖိုင်နယ်ပွဲအား သမ္မတမက်ခရွန် ကြည့်ရှုအားပေးမည်

ကတိပြုထားသည့်အတိုင်းပြင်သစ်အသင်း၏ ဆီမီးဖိုင်နယ်ပွဲအား သမ္မတမက်ခရွန် ကြည့်ရှုအားပေးမည်
Published 8 July 2018

 

Photo: Daily News

 

ပြင်သစ်နိုင်ငံသမ္မတ အီမန်နူရယ်မက်ခရွန်သည် ပြင်သစ်အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင်နယ်ပွဲအား သွားရောက်ကြည့်ရှုအားပေးမည်ဖြစ်ကြောင်း သိရသည်။

မက်ခရွန်သည် အစောပိုင်းကတည်းက ပြင်သစ်အသင်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ပါက ရုရှားသို့ သွားရောက်အားပေးမည်ဖြစ်ကြောင်း ကတိပြုထားပြီး ဥရုဂွေးအသင်းအား အနိုင်ရသည့် ကွာတားဖိုင်နယ်ပွဲအပြီးတွင် Twitter မှတစ်ဆင့် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အပြာရောင် ကောင်လေးတွေကတော့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါပြီ။ အင်္ဂါနေ့ကျရင် (ဆီမီးဖိုင် နယ်ကစားမည့်နေ့) တွေ့ကြတာပေါ့" ဟု မက်ခရွန်က ရေးသားထားသည်။

ပြင်သစ်အသင်းသည် ကွာတားဖိုင်နယ်တွင် ဥရုဂွေးအသင်းအား (၂-ဝ) ဂိုးဖြင့် အနိုင်ရပြီး ၂၀၀၆ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ခဲ့သည်။

ယင်းပွဲတွင် တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ဗာရန်းသွင်းယူသည့် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ဒုတိယဂိုးအား ကိုယ်တိုင်သွင်းယူနိုင်သော်လည်း အောင်ပွဲခံခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းအပြုအမူနှင့်ပတ်သက်၍ ဂရစ်ဇ်မန်းက "ကျွန်တော်က ပရော်ဖက်ရှင် ဘောလုံးသမားဘဝစကတည်းက ဥရုဂွေးကို အားပေးလာတာပါ။ ဂိုးသွင်းပြီးတော့ အောင်ပွဲခံတာက သူတို့ကို လေးစားမှုမရှိသလို မဖြစ် ချင်လို့ပါ" ဟု ရှင်းလင်းပြောကြားခဲ့သည်။

Most Read

Most Recent