နှစ်ပွဲဆက်ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ၁၉၉၈ နောက်ပိုင်း ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ ခရိုအေးရှားအသင်း

နှစ်ပွဲဆက်ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ၁၉၉၈ နောက်ပိုင်း ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ ခရိုအေးရှားအသင်း
Published 8 July 2018

Photo: Getty Images

■ ရုရှား ၂-၂ ခရိုအေးရှား

ချီရီရှက်ဗ် (၃၁')   ခရမ်မာရစ် (၃၉')

ဗီဒါ (၁၀၀')          ဖာနန်ဒက်စ် (၁၁၅')

မိနစ် ၉၀ - (၁-၁)၊ အချိန်ပို (၂-၂)

(ပယ်နယ်တီ ၃-၄ ဖြင့် ခရိုအေးရှား ဆီမီးတက်)

 

အိမ်ရှင်ရုရှားတို့အတွက်တော့ ကွာတားဖိုင်နယ်ဟာ အအောင်မြင်ဆုံးမှတ်တမ်းအဖြစ်နဲ့ တစ်ခန်းရပ်ခဲ့ပြီး ခရိုအေးရှားအသင်းကတော့ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ဆီမီးဖိုင်နယ်ကို တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့ပါတယ်။

အစဉ်အလာ၊ ခြေစွမ်းပိုင်းနဲ့ စုဖွဲ့မှုအရ အသာရနေပေမယ့် ခရိုအေးရှားဟာ အိမ်ရှင်ရုရှားကို သတိကြီးကြီးထားကစားခဲ့ရပြီး၊ ရုရှားအသင်းရဲ့တုံ့ပြန်မှုတွေကလည်း ထိရောက်ခဲ့ပါတယ်။

ဘရိုဇိုဗစ်နေရာမှာ ခရမ်မာရစ်ကစားတာကလွဲလို့ မိုဒရစ်၊ ရာကီတစ်၊ ပါရီဆစ်၊ မန်ဇူကစ် တို့ရဲ့စုဖွဲ့မှုနဲ့ ခရိုအေးရှားအင်အားပြည့်ပွဲထွက်ခဲ့သလို၊ ရုရှားအသင်းကလည်း သူတို့ရဲ့တည်ငြိမ်နေတဲ့ အကောင်းဆုံးစုဖွဲ့မှုနဲ့တုံ့ပြန်ခဲ့တာပါ။

ပွဲစကတည်းက ခရိုအေးရှားတို့ ဖိကစားခဲ့ပေမယ့် မထင်မှတ်ဘဲ အဖွင့်ဂိုးရသွားတာက အိမ်ရှင် ရုရှားပါ။ ပွဲချိန် (၃၁)မိနစ်မှာ ချီရီရှက်ဗ်က ဂျူဘာနဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာအပြင်ကနေ လှလှပပကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ချီရီရှက်ဗ်အတွက် ဒီပြိုင်ပွဲမှာ သူ့ရဲ့ (၄)ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှ ချေပဂိုးအတွက် ခရိုအေးရှားတို့ကြိုးပမ်းခဲ့သလို၊ ရုရှားရဲ့ကစားအားကြောင့်လည်း ပွဲဟာအကြိတ်အနယ်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် (၃၉)မိနစ်မှာ ခရိုအေးရှားတို့ ချေပဂိုးပြန်ရခဲ့ပြီး ညာတောင်ပံက မန်ဇူကစ် တင်ပေးတာကို ခရမ်မာရစ်က သွင်းယူပေးခဲ့ပါတယ်။ ခရမ်မာရစ်ဟာ ယခုနှစ်ပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ (၇)ဦးမြောက်ဖြစ်လာခဲ့ပြီး ဘယ်လ်ဂျီယံ (၉ ဦး)ပြီးရင် အများဆုံးအရေအတွက်လည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြလို့ ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ ခရိုအေးရှားဘက်က ပါရီဆစ် ဧရိယာထဲမှ လွတ်လွတ်ကျွတ်ကျွတ်အပိုင်ကန်ခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ခရိုအေးရှားတို့ နစ်နာခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း နှစ်သင်းစလုံးအခွင့်အရေးတွေကိုယ်စီရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို၊ နှစ်သင်းစလုံးရဲ့ခံစစ်ကလည်း တည်တည်ငြိမ်ငြိမ်ရှိခဲ့တာကြောင့် သာမန်ပွဲချိန် မိနစ် (၉၀)မှာ (၁-၁)ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အချိန်ပိုပထမပိုင်းမှာ ခရိုအေးရှားတို့ ဦးဆောင်ဂိုးရခဲ့ပြီး ပွဲချိန် (၁၀၀)မိနစ်မှာ မိုဒရစ်ရဲ့ပေးပို့မှုကနေ နောက်ခံလူ ဗီဒါက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ခရိုးအေးရှားတို့ အနိုင်ဂိုးကို ထိန်းကစားဖို့ကြိုးစားခဲ့ပေမယ့် ရုရှားအသင်းရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ အချိန်ပို (၁၁၅)မိနစ်မှာတော့ ဖာနန်ဒက်စ် က အိမ်ရှင်ရုရှားအသင်းအတွက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး (၂-၂) ဂိုးရလဒ်နဲ့ ပွဲချိန်ပြည့်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာတော့ ခရိုအေးရှားအသင်းက ကိုဗာချစ်တစ်ဦးသာလွဲ ချော်ခဲ့ပြီး၊ ရုရှားအသင်းက ဆမိုလော့ဗ်နဲ့ ဖာနန်ဒက်ဇ်တို့ (၂)ဦးလွဲချော်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် (၄-၃) ဂိုးနဲ့ ခရိုအေးရှားအသင်းက ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။

Photo: AFP/Getty Images

ဒါဟာခရိုအေးရှားအသင်းအတွက် ၁၉၉၈ ပြိုင်ပွဲမှာ တတိယရပြီးနောက်ပိုင်း ဆီမီးဖိုင်နယ်ကိုတစ်ကျော့ပြန်တက်ရောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် (၂)ကြိမ်မြောက်တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့် ဇူလိုင်လ (၁၁)ရက်နေ့မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

Most Read

Most Recent