အီဘရာဟီမိုဗစ် မပါဝင်ခြင်းကြောင့် ဆွီဒင်အသင်းကို အနိုင်ယူရန်ပိုအလေးသာနေဟု ဂျရတ်ပြောကြား

အီဘရာဟီမိုဗစ် မပါဝင်ခြင်းကြောင့် ဆွီဒင်အသင်းကို အနိုင်ယူရန်ပိုအလေးသာနေဟု ဂျရတ်ပြောကြား
Published 8 July 2018

အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျရတ်က ယနေ့ညကစားမည့် ဆွီဒင်အသင်းနှင့်ကွာတားဖိုင်နယ်ပွဲစဉ်တွင် အီဘရာဟီမိုဗစ်မပါဝင်ခြင်းကြောင့် မိမိတို့အင်္ဂလန်အသင်းအနေဖြင့် အနိုင်ယူရန် ပိုအလေးသာနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် ၂၀၁၂ ခုနှစ်က စတော့ဟုမ်းတွင် ကစားခဲ့သည့် ဆွီဒင် (၄-၂ )အင်္ဂလန် ခြေစမ်းပွဲတွင် တစ်ဦးတည်း (၄)ဂိုးသွင်းယူခဲ့သူဖြစ်သည်။ ယင်းပွဲမှာ ဂျရတ်၏အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲ(၁၀၀)ပြည့်မြောက်သည့်ပွဲဖြစ်ခဲ့ပြီး ဂိုးပြတ်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရ၍ စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ဆွီဒင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသည့် အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သူဖြစ်သည်။

ဂျရတ်က '' ဆွီဒင်နဲ့ကစားခဲ့ဖူးတဲ့ ကျွန်တော့်အတွေ့အကြုံကိုပြောရမယ်ဆိုရင် သူတို့ဟာ ကြံ့ခိုင်မှုကို ဦးစားပေးပြီး မာမာထန်ထန်ကစားတတ်တဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ရဲ့စောင့်ကြည့်ရမယ့်ကစားသမားစာရင်းမှာ ဇလာတန် မပါဝင်တော့ပါဘူး။သူဟာ ကျွန်တော့်ရဲ့နိုင်ငံအတွက် ပွဲ(၁ဝဝ)ပြည့်ကစားတဲ့ပွဲမှာ (၄)ဂိုးတောင်သွင်းပြီး အနိုင်ယူသွားခဲ့ပါတယ်။ အဲဒီညက အရှုံးဟာ ကျွန်တော့်အတွက်တော့ မေ့ဖို့ခက်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် အငြိုးအတေးမထားပါဘူး။ သူတို့ဟာ ခက်ခဲတဲ့ပြိုင်ဘက်ဆိုတာတော့ သေချာပါတယ်။ ဒီညပွဲအတွက် နည်းပြဆောက်ဂိတ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ ဆွီဒင်ကို အနိုင်ယူပြီးနောက်တစ်ဆင့်တက်မယ်လို့လည်း ယုံကြည်နေ
ပါတယ်'' ဟုပြောကြားခဲ့သည်။
အင်္ဂလန်နှင့် လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်သည် လက်ရှိအချိန်တွင် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းအား ကိုင်တွယ်လျက်ရှိပြီး ဘူရီအသင်းနှင့်ခြေစမ်းခဲ့သည့် ပထမဆုံးပွဲစဉ်တွင် (၆-ဝ)ဂိုးဖြင့်အနိုင်ရခဲ့သည်။

Most Read

Most Recent