ဘရာဇီးလ်ကို အနိုင်ယူပြီး ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ဘယ်လ်ဂျီယံ

ဘရာဇီးလ်ကို အနိုင်ယူပြီး ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ဘယ်လ်ဂျီယံ
Published 7 July 2018

ဘရာဇီ်းလ်ကွင်းလယ်လူ ဖာနန်ဒင်ဟို ကိုယ့်ဂိုးကိုယ် သွင်းယူမိစဉ် (Photo : Daily Mail)

■ ဘရာဇီးလ် ၁-၂ ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံအသင်းဟာ ဘရာဇီးလ်အသင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက ပွဲပယ်ခံထားရတဲ့ ကွင်းလယ်လူ ကတ်စမဲရိုးနေရာမှာ ဖာနန်ဒင်ဟို ကစားခဲ့သလို၊ ဒဏ်ရာက ပြန်လည်ကောင်းမွန်လာတဲ့ မာဆယ်လိုကိုလည်း ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး သူတို့ရဲ့ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းကလည်း မာတင်စ်၊ ကာရက်စ်ကို စတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး ဖယ်လေနီနဲ့ ချက်ဒ်လီတို့ကို ပွဲထွက်အသုံးပြုခဲ့တာကြောင့် ဒီဘရိုင်းနားက ဟာဇက်နဲ့အတူ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် (၇)မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် သီယာဂိုဆေးလ်ဗား အနီးကပ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့သလို၊ ပွဲချိန် (၁၁)မိနစ်အရောက်မှာလည်း လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရတဲ့ ပေါ်လင်ဟိုရဲ့ ကန်ချက် အားပျော့ခဲ့လို့ ပြိုင်ဘက်နောက်တန်းက တားဆီးနိုင်ခဲ့ပါတယ်။

ပွဲချိန် (၁၃)မိနစ်အရောက်မှာတော့ ဘယ်လ်ဂျီယံအသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ချက်ဒ်လီရဲ့ ထောင့်ကန်ဘောမှတစ်ဆင့် ဘရာဇီးလ်ကွင်းလယ်လူ ဖာနန်ဒင်ဟိုက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါပဲ။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ဘရာဇီးလ်အသင်းက ပိုမိုဖိကစားနိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာ လက်စွမ်းပြခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။

ပွဲချိန် (၃၁)မိနစ်အရောက်မှာတော့ ဘယ်လ်ဂျီယံအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် လူကာကူရဲ့ ဖန်တီးပေးပို့မှုကို ဒီဘရိုင်းနားက ထောင့်ဖြတ်အနေအထားကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘရာဇီးလ်အသင်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အယ်လ်ဒါဝီရယ်လ်၊ ဗာတွန်ဂန်၊ ကွန်ပနီတို့ရဲ့ ဘယ်လ်ဂျီယံနောက်တန်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် (၅၈)မိနစ်မှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ ဂျေးဆူအစား ဒူဂလပ်စ်ကော်စတာ ဝင်လာပြီးနောက်ပိုင်းမှာတော့ ဘရာဇီးလ်အသင်းရဲ့ တောင်ပံတိုက်စစ်လမ်းကြောင်းတွေက ပိုမိုမြန်ဆန်လာခဲ့ပါတယ်။

ပွဲချိန် (၇၆)မိနစ်မှာတော့ ဘရာဇီးလ်အသင်း ချေပဂိုးရရှိခဲ့ပြီး လူစားဝင်ကစားသမား အော်ဂတ်စတိုက ကော်တင်ဟိုရဲ့ ဖန်တီးမှုမှတစ်ဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ အော်ဂတ်စတိုကပဲ အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ထပ်မံရရှိခဲ့ပေမယ့် လွဲချော်ခဲ့လို့ ဘရာဇီးလ်အသင်း နစ်နာခဲ့တယ်။

နာကျင်အချိန်ပိုမှာလည်း ဂိုးဧရိယာထိပ်က နေမာကန်သွင်းခဲ့ပေမယ့် ကော်တိုအာလက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဘရာဇီးလ်တို့ ရှုံးနိမ့်ခဲ့ရတာပါ။

ဒီပွဲရဲ့ Man Of The Match ဆုကိုတော့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားက ရရှိခဲ့ပါတယ်။

ဒီအရှုံးရလဒ်ကြောင့် ဘရာဇီးလ်အသင်းဟာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး (၄)ကြိမ်မှာ ဆီမီးဖိုင်နယ် (၁)ကြိမ်သာတက်ရောက်နိုင်ခဲ့ပြီး ကျန် (၃)ကြိမ်ကတော့ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

 

 

Most Read

Most Recent