ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နေမာတစ်ဦးတည်း ဟန်ဆောင်နေသူမဟုတ်ဟု မော်ရင်ဟို သုံးသပ်

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နေမာတစ်ဦးတည်း ဟန်ဆောင်နေသူမဟုတ်ဟု မော်ရင်ဟို သုံးသပ်
Published 7 July 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဘရာဇီးလ်တိုက်စစ်မှူး နေမာတစ်ဦးတည်းသာ ဟန်ဆောင်နေသူမဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

နေမာသည် မက္ကဆီကိုအသင်းနှင့်ပွဲ၌ ပြိုင်ဘက်ကစားသမားနှင့် ထိခိုက်မိစဉ် အမူအရာပိုကာ မြေပြင်ပေါ်တွင်အကြိမ်များစွာလှိမ့်နေသောကြောင့် ဝေဖန်ပြစ်တင်မှုများခံနေရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ RTသတင်းဌာနနှင့်တွေ့ဆုံစဉ် မော်ရင်ဟိုက '' လူတွေက နေမာကိုပစ်မှတ်ထားနေကြတာပါ။ ဒါပေမဲ့ နေမာတစ်ယောက်တည်း အဲဒီလိုလုပ်တာ မဟုတ်ပါဘူး။ အသင်းအားလုံးက လှဲချမှုတွေ၊ ဟန်ဆောင်မှုတွေလုပ်ပြီး ဒိုင်လူကြီးတွေကို ဖိအားပေးဖို့ ကြိုးစားနေကြတယ်။ ပြိုင်ပွဲရဲ့အရည်အသွေးက ဆုံးရှုံးမှုဖြစ်လာပြီး ကျွန်တော့်အတွက်တော့ ဒါက အနုတ်လက္ခဏာပဲလို့ သတ်မှတ်ရမှာပါ။ ဒါက အင်္ဂလန်နဲ့ ကိုလံဘီယာပွဲမှာတင်မဟုတ်ဘဲ ပွဲအားလုံးနီးပါးမှာ ဖြစ်နေတာပါ။ ပွဲစဉ်တိုင်းမှာ သူတို့တွေက ဒိုင်လူကြီးအတွက် အခက်အခဲတွေဖြစ်အောင် ဖန်တီးနေကြတယ်။ VAR (ရုပ်သံအကူဒိုင်) စနစ်ရှိတာတောင် ကစားသမားတွေက ပြဿနာတွေ ဖန်တီးနေတုန်းပဲ။ ဗဟိုနောက်ခံလူ ဟာရီမက်ဂွိုင်းရားလိုလူမျိုးတောင် အဲဒီလုပ်တာကိုမြင်ရတော့ အံ့အားသင့်မိပါတယ်။ ပုံမှန်အားဖြင့် သူက အရမ်းရိုးသားတဲ့သူပါ။ ဒါပေမဲ့ တိုက်စစ်လိုက်ကစားတဲ့အချိန်မှာ လှဲချပြီး VAR ပြန်ကြည့်ဖို့ ဒိုင်ကိုတောင်းဆို ခဲ့တယ်။ ကစားသမားတွေအနေနဲ့ ကြည့်ရှုသူ ဘီလီယံနဲ့ချီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနေတယ်ဆိုတာ သိထားသင့်ပါတယ်'' ဟု ပြောကြားသည်။ ထို့ပြင် ၎င်းက အင်္ဂလန်အသင်း ဗိုလ်လုပွဲတက်နိုင်သည်ဟုလည်း ဆိုသည်။

Most Read

Most Recent