ကမ္ဘာ့ဖလားပယ်နယ်တီကျိန်စာက လွတ်မြောက်ပြီး ကွာတားတက်ခဲ့သည့် အင်္ဂလန်

ကမ္ဘာ့ဖလားပယ်နယ်တီကျိန်စာက လွတ်မြောက်ပြီး ကွာတားတက်ခဲ့သည့် အင်္ဂလန်
Published 4 July 2018

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့သည့် ကိုလံဘီယာ-အင်္ဂလန်ပွဲစဉ်တွင် ပွဲချိန် မိနစ်(၁၂၀)ပြည့်သည်အထိ (၁)ဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာတွင် အင်္ဂလန်အသင်းက (၄-၃)ဂိုးဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

အင်္ဂလန်အသင်းသည် ယခင် ကမ္ဘာ့ဖလားပယ်နယ်တီအဆုံးအဖြတ်များ၌ ၁၉၉၀ ပြိုင်ပွဲတွင် အနောက်ဂျာမနီ၊ ၁၉၉၈ ပြိုင်ပွဲတွင် အာဂျင်တီးနား၊ ၂၀၀၆ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းတို့ကို အရေးနိမ့်ခဲ့ပြီး ယခု ကိုလံဘီယာနှင့်ပွဲတွင်မှ ပထမဆုံးနိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကိုလံဘီယာနှင့် သမိုင်းတစ်လျှောက်တွေ့ဆုံမှု (၆)ပွဲတိတိ ရှုံးပွဲမရှိသေးသည့်စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

အင်္ဂလန်အသင်း၏ဦးဆောင်ဂိုးကို ဟာရီကိန်းက သူ့ကြောင့်ရသည့်ပယ်နယ်တီကနေ (၅၇)မိနစ်တွင် (၆)ဂိုးမြောက်သွင်းဂိုးအဖြစ် သွင်းယူခဲ့သည်။

ကိုလံဘီယာအတွက် ချေပဂိုးကိုမူ နောက်ခံလူ မီနာက (၉၃)မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပယ်နယ်တီအဆုံးအဖြတ်တွင်မူ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန် ပယ်နယ်တီစမဝင်ခဲ့သော်လည်း ကိုလံဘီယာအသင်းမှ အူရီဘယ်၊ ဘက်ကာတို့ ဆက်တိုက်မဝင်သဖြင့် အင်္ဂလန်အသင်းက အနိုင်ရရှိခဲ့သည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ပထမဆုံးဂိုးပေးခဲ့ရခြင်းဖြစ်သည်။

တိုက်စစ်မှူး ဟာရီကိန်းသည် ၁၉၃၉ ခုနှစ်က တွမ်မီလော်တန် အင်္ဂလန်အသင်းအတွက် (၆)ပွဲဆက်ဂိုးသွင်းယူပြီးနောက် ယင်းမှတ်တမ်းကို အမီလိုက်နိုင်သည့်ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။

ထို့ပြင် ၎င်းမှာ ၁၉၉၄ ကမ္ဘာ့ဖလားတွင် ဘူလ်ဂေးရီးယားတိုက်စစ်မှူး စတွိုက်ကော့ဗ် ပြိုင်ပွဲတစ်ခုတည်း ပယ်နယ်တီဂိုးအများဆုံး (၃)ဂိုးသွင်းယူခဲ့သည့်မှတ်တမ်းကို

အမီလိုက်ခဲ့သည်။

ကိုလံဘီယာနောက်ခံလူ မီနာမှာ ယခုကမ္ဘာ့ဖလားတွင် ခေါင်းတိုက်ဂိုး(၃)ဂိုးသွင်းထားပြီး ကလိုဆေး(၂၀၀၂- ၅ ဂိုး)ပြီးနောက် ပြိုင်ပွဲတစ်ခုတည်းတွင်

ခေါင်းတိုက်ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မီနာ၏ဂိုးမှာ ကမ္ဘာ့ဖလားသမိုင်းတွင် မိနစ်(၉၀)နောက်ပိုင်း နာကျင်အချိန်ပိုတွင်သွင်းယူသည့် (၉၉)ဂိုးမြောက်လည်းဖြစ်ခဲ့သည်။

 

 

Most Read

Most Recent