ဆားဘီးယားကိုအနိုင်ယူကာ ဘရာဇီးလ်အသင်း အုပ်စုဗိုလ်ဖြင့်နောက်တစ်ဆင့်တက်ရောက်

ဆားဘီးယားကိုအနိုင်ယူကာ ဘရာဇီးလ်အသင်း အုပ်စုဗိုလ်ဖြင့်နောက်တစ်ဆင့်တက်ရောက်
Published 28 June 2018

 

Photo:AFP

ဘရာဇီးလ်အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့အဆုံးအဖြတ်ပွဲဆိုပေမယ့် ဖိအားကြီးကြီးမားမားမရှိခဲ့ပါဘူး။
ဆားဘီးယားအသင်းဟာ အနိုင်ရခဲ့ရင် နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပေမယ့် ထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း ပေါ်လင်ဟို၊ သီယာဂိုဆေးလ်ဗားတို့ရဲ့ ဂိုးတွေနဲ့ဘရာဇီးလ်အသင်းက ဆားဘီးယားအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကိုပါရယူသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂)ပွဲမှာ ကျေနပ်လောက်စရာ ချန်ပီယံခြေစွမ်းကိုမရခဲ့တဲ့ ဘရာဇီးလ်အသင်း ဒီနေ့ပွဲမှာတော့ ပုံစံကောင်းကိုပြသနိုင်ခဲ့ပါတယ်။

ပွဲစကတည်းက ဘရာဇီးလ်အသင်း ကစားကွက်စီးဖို့ကြိုးစားခဲ့ပြီး ဆားဘီးယားအသင်းဟာ ပွဲအစပိုင်းတွေမှာ အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဘရာဇီးလ်အသင်းကပဲ ပွဲကိုစိုးမိုးသွားခဲ့ပါတယ်။

Photo:AFP

ရှေ့ပွဲစဉ်မှာ ဂျာမနီအသင်းအုပ်စုက ထွက်ခွာခဲ့ရတာကြောင့်လည်း ဘရာဇီးလ်တို့ စိတ်အေးလက်အေးကစားနိုင်ခဲ့ပုံပါပဲ။

ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၃၆)မိနစ်မှာ ကော်တင်ဟိုရဲ့ တိကျသေသပ်တဲ့ပေးပို့မှုကနေ ပေါ်လင်ဟိုက ဂိုးသမားကိုကျော်ပြီး ကန်သွင်းယူခဲ့တာပါ။

ဂိုးရပြီးနောက်မှာတော့ ဘရာဇီးလ်တို့ ပိုမိုဖိကစားနိုင်ခဲ့ပြီး အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ဆားဘီးယားနောက်တန်းက ဂိုးထပ်မပေးရဖို့ အကောင်းဆုံးကစာနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၆၈)မိနစ်မှာ နေမာရဲ့ ဖြတ်တင်ပေးပို့မှုကနေ သီယာဂိုဆေးလ်ဗားက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ဒါဟာ နေမာအတွက် ဘရာဇီးလ်အသင်းရဲ့ နိုင်ငံတကာပွဲ နောက်ဆုံး (၁၈)ပွဲမှာ (၁၉)ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ မှတ်တမ်ဖြစ်ပြီး (၁၀)ဂိုးသွင်း၊ (၉)ဂိုးဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဦးဆောင်ဂိုး (၂)ဂိုးနဲ့အတူ အနိုင်သေချာသလောက်ဖြစ်ခဲ့လို့ ဘရာဇီးလ်အသင်းပုံမှန်လောက်ပဲထိန်း ကစားခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ ဘရာဇီးလ်အသင်းက ကော်တင်ဟို၊ ဖိလစ်ပီလူးဝစ်တို့ရဲ့ ကန်ချက်တွေ ဂိုးကံခေနေခဲ့သလို၊ ဆားဘီးယားဂိုးသမားရဲ့ ကာကွယ်နိုင်မှုတွေကြောင့် ဂိုးတော့ထပ်မရခဲ့ပါဘူး။

ဒီနိုင်ပွဲကြောင့် ဘရာဇီးလ်အသင်းဟာ အုပ်စုတွင်း (၃)ပွဲကစား၊ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရမှတ် (၇)မှတ်နဲ့ အုပ်စု(E)ရဲ့ ပထမအနေရာကိုရယူနိုင်ခဲ့ပြီး ရှုံးထွက် (၁၆)သင်းအဆင့်မှာ မက္ကဆီကိုအသင်းနဲ့ယှဉ်ပြိုင်ရမှာပါ။

ဒီနိုင်ပွဲဟာ ဘရာဇီးလ်အသင်းအတွက် ဥရောပအသင်းတွေနဲ့တွေ့ဆုံမှု ကမ္ဘာ့ဖလားနောက်ဆုံး (၈)ပွဲမှာ (၂)ပွဲမြောက်နိုင်ပွဲယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘရာဇီးလ်အသင်းဟာ နောက်ဆုံး (၉)ကြိမ်ဆက်တိုက် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်းရရှိခဲ့ပါတယ်။

တစ်ဖက်ပွဲစဉ်မှာတော့ ဆွစ်ဇာလန်အသင်းက ကော်စတာရီကာအသင်းကို (၂-၂)ဂိုးစီသရေကစားပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်လှမ်းခဲ့ပါတယ်။

နိုင်ပွဲရဖို့ ဆွစ်ဇာလန်အသင်း လူစုံထုတ်ယှဉ်ပြိုင်ခဲ့ပေမယ့် ကော်စတာရီကာအသင်းကလည်း ပထမ (၂)ပွဲကထက်ပိုမိုကောင်းမွန်တဲ့ ကစားအားကိုချပြနိုင်ခဲ့လို့ ဆွစ်ဇာလန်အခက်တွေ့ခဲ့ပါတယ်။

Photo:AFP

ဒါပေမဲ့ ဆွစ်ဇာလန်တို့ စောစောစီးစီး ဂိုးရသွားခဲ့ပြီး ပွဲချိန် (၃၁)မိနစ်မှာ အမ်ဘိုလိုရဲ့ ပေးပို့မှုကနေ ဒီဇီမယ်လီကသွင်းယူပေးခဲ့တာပါ။

ဂိုးပေးရပြီးချိန်မှာ ကော်စတာရီကာတို့ ပိုမိုဖွင့်ကစားခဲ့ပြီး ပွဲချိန် (၅၆)မိနစ်မှာ ဝက်စတွန်က ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

နောက်တစ်ဆင့်တက်ဖို့အခွင့်အရေးများသွားလို့ ဆွစ်ဇာလန်တို့ တဖြည်းဖြည်းကစားအားချခဲ့ပါတယ်။

ပွဲချိန်(၈၈)မိနစ်မှာတော့ ဆွစ်ဇာလန်အသင်းနောက်ထပ် ဦးဆောင်ဂိုးရသွားခဲ့ပြီး ဇာကာရီယာရဲ့ ပေးပို့မှုကနေ ဒါမစ်က သွင်းယူပေးခဲ့ပါတယ်။

 

Photo:AFP

ကော်စတာရီကာအသင်းအတွက်ချေပဂိုးကိုတော့ နာကျင်အချိန်ပို (၃)မိနစ်မှာ ရရှိခဲ့ပါတယ်။

ဘရိုင်ယန်ရုဇ်ရဲ့ ပယ်နယ်တီကန်ချက် ဘားထိုင်ထိထွက်လာတာကနေ ဆွစ်ဇာလန်ဂိုးသမား ဆမ်းမားရဲ့ကျောနဲ့ပြန်ထိပြီး ဂိုးဝင်သွားခဲ့တာပါ။

Photo: Twitter

အုပ်စု (E) ယှဉ်ပြိုင်လို့ပြီးချိန်မှာတော့ လာမယ့် ရှုံးထွက် (၁၆)သင်းအဆင့်မှာ ဘရာဇီးလ် - မက္ကဆီကို၊ ဆွီဒင် - ဆွစ်ဇာလန်တို့ တွေ့ဆုံခဲ့ကြပါတယ်။

Most Read

Most Recent