လက်ရှိချန်ပီယံအသင်း (၃)ကြိမ်ဆက် အုပ်စုအဆင့်ကထွက်ခဲ့ရပြီး ပြိုင်ပွဲကိုနှုတ်ဆက်သွားခဲ့တဲ့ ဂျာမနီ

လက်ရှိချန်ပီယံအသင်း (၃)ကြိမ်ဆက် အုပ်စုအဆင့်ကထွက်ခဲ့ရပြီး ပြိုင်ပွဲကိုနှုတ်ဆက်သွားခဲ့တဲ့ ဂျာမနီ
Published 28 June 2018

 

Photo:AFP

ပြီးခဲ့တဲ့အုပ်စုပွဲစဉ်တွေထက် ပိုပြီးရင်ခုန်စရာကောင်းခဲ့ပါတယ်။ ထိပ်ဆုံးက မက္ကဆီကို၊ ဂျာမနီ၊ ဆွီဒင်တို့ရဲ့ ပြိုင်ဆိုင်မှုအပြင် သင်္ချာနည်းအရမျှော်လင့်ချက်ရှိနေတဲ့ တောင်ကိုရီးယားကြောင့် (၂)ပွဲစလုံးဟာ စိတ်ဝင်စားစရာပါပဲ။

ပြီးခဲ့တဲ့ ဆွီဒင်ကိုအနိုင်ရခဲ့တဲ့ ပွဲကလူစာရင်းကို ဂျိုအာချင်လိုး အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး ခံစစ်မှာ ဟမ်းမဲလ်နဲ့ ဇူလာကိုတွဲဖက်ခဲ့ပါတယ်။

Photo:AFP

တောင်ကိုရီးယားအသင်းကလည်း အသင်းခေါင်းဆောင် ကီဆောင်ယွန်းမပါတာကလွဲလို့ အဓိကကစားသမားစုံလင်ခဲ့ပြီး ဂျာမနီအသင်းကို မထင်မှတ်လောက်အောင် အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။

ပွဲစကတည်းက ဂျာမနီတို့ ဂိုးရဖို့တိုက်စစ်ဆင်ကစားခဲ့ပေမယ့် တောင်ကိုရီးယားအသင်းကလည်း မက္ကဆီကိုအသင်းနဲ့ ပွဲတုန်းကလို မာမာထန်ထန်နဲ့တုံ့ပြန်ခဲ့လို့ အခက်တွေ့ခဲ့ပါတယ်။

ဂျာမနီအသင်းအတွက် ပိုပြီးစိတ်ပျက်စရာဖြစ်ခဲ့တာက တိုက်စစ်မှူး ဗာနာခြေစွမ်းမပြနိုင်တာဖြစ်ပြီး အခွင့်အရေးတွေ ဖြုန်းတီးလွန်းခဲ့ပါတယ်။

ဒါကြောင့်လည်း ခံစစ်ကစားနေတဲ့ တောင်ကိုရီးယား တဖြည်းဖြည်းနဲ့ကစားပုံရဲလာပြီး ဂျာမနီကိုတန်ပြန်တိုက်စစ်ကနေ ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်တယ်။

တစ်ဖက်ပွဲစဉ်မှာ ဆွီဒင်အသင်းက မက္ကဆီကိုအသင်းကို (၃)ဂိုးပြတ်အနိုင်ရသွားချိန်မှာ ဂျာမနီတို့ တောင်ကိုရီးယားကို အနိုင်ရလဒ်တစ်ခုသာလိုအပ်ပေမယ့် ဂိုးရဖို့စိတ်စောလာတာနဲ့အှမျှ ကစားပုံပါဟန်ချက်ပျက်လာပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ခံစစ်ပိုင်းနဲ့ ဂိုးသမားတို့ အမှားအယွင်းမရှိခဲ့လို့ ဂျာမနီအသင်းရဲ့ကြိုးစားမှုတွေဟာ အရာမထင်ခဲ့ပါဘူး။

တောင်ကိုရီးယားအသင်းဘက်ကို ဖိအားပေးကစားနေရင်း ဂျာမနီတို့ မထင်မှတ်တဲ့အနေအထားကနေ ဂိုးပေးလိုက်ရပါတယ်။

Photo:AFP

နာကျင်အချိန်ပို (၂)မိနစ်မှာ နောက်ခံလူ ကင်ယောင်ဂွမ်က ရှုပ်ထွေးနေတဲ့အနေအထားကနေ နော်ယာနဲ့တစ်ဦးချင်းအတွေ့မှာ အနီးကပ်ပိတ်သွင်းယူသွားခဲ့ပါတာပါ။

ဂိုးပေးလိုက်ရလို့ ဂျာမနီတို့ မျှော်လင့်ချက်မဲ့သလောက်ဖြစ်သွားခဲ့ပြီး ဂိုးသမားနော်ယာ ရှေ့တက်ကစားတဲ့အထိပါပဲ။

ဒါကပဲ အမှားထပ်ဖြစ်ခဲ့ပြီး နာကျင်အချိန်ပို (၆)မိနစ်မှာ ကွင်းလယ်လူ ဂျူဆေးဂျွန်က နော်ယာဆီက ဘောလုံးဟန့်တားပြီး ဖြတ်တင်ပေးပို့လိုက်ရာကနေ ဂိုးသမားမရှိတဲ့ ဂျာမနီအသင်းရဲ့ဂိုးပေါက်ထဲ ဆွန်ဟောင်မင်က သာသာယာယာကန်သွင်းယူသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂျာမနီအသင်းရဲ့ အုပ်စုနောက်ဆုံးနေရာနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကိုနှုတ်ဆက်ခဲ့ရပြီး၊ ၂၀၁၀ ပြိုင်ပွဲမှာ အီတလီ၊ ၂၀၁၄ ပြိုင်ပွဲမှာ စပိန်တို့ရဲ့ လက်ရှိချန်ပီယံတွေ အုပ်စုအဆင့်ကလှည့်ပြန်တဲ့မှတ်တမ်းဆိုးနောက်ကို လိုက်ခဲ့ရပါတယ်။

Photo:AFP

ဒါဟာ ဂျာမနီအသင်းအတွက် (၉)ကြိမ်ဆက်တိုက် အနိမ့်ဆုံးကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ မှတ်တမ်းရပ်တန့်သွားခဲ့တာဖြစ်သလို ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်ခဲ့ဖူးတဲ့အသင်းရဲ့ အဆုံးသတ်ဟာ အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

တစ်ဖက်ပွဲစဉ်မှာတော့ ဆွီဒင်အသင်းက မက္ကဆီကိုအသင်းကို (၃)ဂိုးပြတ်အနိုင်ယူပြီး အုပ်စုပထမနေရာကိုရယူသွားခဲ့ပါတယ်။

မက္ကဆီကိုအသင်းရဲ့ ကစားပုံဟာ ပထမ (၂)ပွဲကလိုမဟုတ်ဘဲ ကစားပုံပျက်နေခဲ့လို့ ဆွီဒင်အသင်းရဲ့ မာကျောတဲ့ကစားပုံအောက်မှာ ပြိုလဲခဲ့ရပါတယ်။

Photo:AFP

ဆွီဒင်အသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန်မိနစ် (၅၀)မှာ အာဂတ်စတင်ဆန်၊ (၆၂)မိနစ်မှာ အသင်းခေါင်းဆောင် ဂရွန်းဗစ်က ပယ်နယ်တီကနေတစ်ဆင့် ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။

Photo:AFP

မက္ကဆီကိုတို့အသက်ဆက်ခွင့် ချေပဂိုးအတွက် ကြိုးစားနေပေမယ့် ဆွီဒင်အသင်းကပဲတတိယဂိုးရရှိသွားခဲ့ပါတယ်။

ပွဲချိန် (၇၄)မိနစ်မှာ မက္ကဆီကိုနောက်ခံလူ အယ်လ်ဗာရက်ဇ်ရဲ့ ဖျက်ထုတ်မှုမသေသပ်လို့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။

Photo:World cup Twitter

အုပ်စု (F)ပွဲစဉ်ရလဒ်များ

တောင်ကိုရီးယား ၂-၀ ဂျာမနီ

မက္ကဆီကို ဝ-၃ ဆွီဒင်

Most Read

Most Recent