ဆွစ်ဇာလန်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် FIFA ၏ အနိုင်ကျင့်ဓားပြတိုက်မှုကို ခံခဲ့ရကြောင်း ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ စွပ်စွဲ

ဆွစ်ဇာလန်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် FIFA ၏ အနိုင်ကျင့်ဓားပြတိုက်မှုကို ခံခဲ့ရကြောင်း ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ စွပ်စွဲ
Published 25 June 2018

 

Photos: Novosti

ဆားဘီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆလာဗီဆာကိုကေဇာက ၎င်းတို့အသင်းသည် ဆွစ်ဇာလန်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(FIFA)မှ အာဏာပိုင်များ၏ အနိုင်ကျင့် ဓားပြတိုက်မှုကို ခံခဲ့ရကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ပြီးခဲ့သည့် သောကြာညက ယှဉ်ပြိုင်ခဲ့သော အဆိုပါပွဲစဉ်တွင် FIFA မှ တာဝန်ရှိသူများသည် ၎င်းတို့အသင်းအား ရည်ရွယ်ချက် ရှိရှိဖြင့် အနိုင်ကျင့်ခဲ့ကြောင်း ကိုကေဇာက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကို ကေဇာသည် အဆိုပါပွဲစဉ်အား ကန့်ကွက်သည့်စာကို FIFA သို့ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။ FIFA မှ ပြောရေးဆိုခွင့်ရှိသူကလည်း အဆိုပါစာကို လက်ခံရရှိကြောင်း ပြောကြားခဲ့သည်။

ကိုကေဇာသည် အဆိုပါ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်အဖြစ် ဂျာမနီလူမျိုး ဖီးလစ်ဘတ်ချ်ကို ခန့်အပ်ခဲ့ခြင်း၊ ပွဲကစားနေစဉ်အတွင်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အချို့က ဆွစ်ဇာလန်အသင်းကို အသာရစေခြင်း၊ မီထရိုဗစ်ကို ဆွစ်ဇာလန်နောက်ခံ လူ(၂)ဦးက ပယ်နယ်တီဧရိယာထဲတွင် ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း ကွင်းလယ်ဒိုင် နှင့် VAR အဖွဲ့က ပယ်နယ်တီအဖြစ် သတ်မှတ်မပေးခဲ့ခြင်းတို့အတွက် စိတ်ပျက်နေခြင်း ဖြစ်သည်။

ကိုကေဇာက " VAR တစ်ခုတည်းကြောင့်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒီပွဲမှာ ဒိုင်လူကြီး ခန့်အပ်ထားတာကအစ အားလုံးကို FIFA တာဝန်ရှိသူတွေ စီစဉ်ခဲ့ကြတာပါ။ ဆွစ်ဇာလန်နိုင်ငံရဲ့ လူဦးရေတစ်ဝက်ကျော်က ဂျာမန်တွေဆိုတာ ကျွန်တော်တို့ အားလုံးသိကြတာပဲလေ။ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေ၊ ဆားဘီယားမှာ ရှိတဲ့ လူတွေအားလုံးက FIFA က တချို့လူတွေရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်တွေအတွက် စိတ် ပျက်နေကြတယ်။ ဒေါသထွက်နေကြတယ်။ ဒါကရှင်းပါတယ်။ ဥရောပနဲ့ တစ်ကမ္ဘာလုံးက ဆားဘီယားအသင်း အနိုင်ကျင့်ဓားပြတိုက်ခံလိုက်ရတယ်ဆိုတာကို သိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး FIFAက အရေးယူပေး မယ်လို့လည်း ကျွန်တော်မထင်ဘူး။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ဒါက ရည်ရွယ်ချက်ရှိရှိကို FIFA က လုပ်ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent