စီရော်နယ်လ်ဒိုကဲ့သို့ ခေါင်းဆောင်အရည်အချင်းမျိုး မက်ဆီတွင် မရှိဟု ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ် ဝေဖန်

စီရော်နယ်လ်ဒိုကဲ့သို့ ခေါင်းဆောင်အရည်အချင်းမျိုး မက်ဆီတွင် မရှိဟု ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ် ဝေဖန်
Published 25 June 2018

 

Photos: Independent

ပြင်သစ်အသင်းကွင်းလယ်လူဟောင်း ပီတစ်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကဲ့သို့ အသင်းကို ဦးဆောင်နိုင်သည့် အရည်အချင်းမျိုးမရှိဟု ဝေဖန်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ပီတစ်က ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အာဂျင်တီးနားအသင်း၏ စွမ်းဆောင်ရည်ကို ပြင်းထန်စွာဝေဖန်သွားခဲ့ပြီး မက်ဆီအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ရှက်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။

ပီတစ်က " မက်ဆီက ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူး။ ဒီနေရာမှာ သူ(မက်ဆီ)ဟာ စီရော်နယ်လ်ဒိုကို မမီဘူး။ မက်ဆီဟာ ထာဝရကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ဓာတ်ပိုင်းကတော့ ပိုကောင်းဖို့လိုတယ်။ သူ နိုးလာဖို့လိုတယ်။ ဘာစီလိုနာအသင်းကောင်းနေရင် မက်ဆီက သိပ်ကောင်းတယ်။ ဒါပေမဲ့ အသင်းက အခြေအနေမကောင်းဘူးဆိုရင် မက်ဆီလည်း ကွင်းထဲမှာ ပျောက်နေတာပဲ။ ဒါကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကျွန်တော်တို့ မြင်ပြီးပါပြီ။ လိုအပ်လာပြီဆိုရင် မက်ဆီက မရတော့ဘူး။ ကွင်းထဲမှာ ပြေးတာလွှားတာ မရှိ တော့ဘူး။ သူက လမ်းပဲ လျှောက်နေတော့တာ။ သူ့ကို ကြည့် လိုက်ရင် ခေါင်းကြီးငိုက်စိုက်နဲ့။ မက်ဆီအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်။ အသင်းရလဒ်ဆိုးနေချိန်မှာ သူ့အနေနဲ့ ဘာမှ ပြန်မလုပ်ပေးနိုင်ဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပီတစ်က အာဂျင်တီးနားကစားသမားများအား လုံးသည် ယုံကြည်မှုပျောက်ဆုံးနေကြောင်းနှင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည်ဟု မထင်ကြောင်းလည်း ပြောကြားခဲ့သည်။ "အာဂျင်တီးနားတစ်သင်းလုံးရဲ့ ရုပ်ပိုင်းအမူအရာတွေက အားနည်းလွန်းတယ်။ ယုံကြည်မှုမရှိဘူး။ ကစားသမားတွေကလည်း တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု မရှိဘူး။ အခုလိုပုံစံနဲ့ ကျွန်တော်ကတော့ အာဂျင်တီးနား နောက်တစ်ဆင့်တက်နိုင်မယ်လို့ မထင်ဘူး။ နောက်တစ်ဆင့် တက်သွားတယ်ဆိုရင်တောင် မထိုက်တန်ဘူးလို့ ဆိုရမယ်။ အိုက်စလန်နဲ့ပွဲမှာ သူတို့ကို ကြည့်ရတာ စိတ်ပျက်စရာပဲ။ ပြီးတော့ နည်းပြ ဆမ်ပါအိုလီကလည်း ပြိုင်ပွဲစကတည်းက တစ်လွဲတွေချည်းပဲ လုပ်နေတယ်။ ပွဲထွက်စာရင်းရွေးတာ၊ လူစားလဲတာ၊ အားလုံးက လွဲနေတယ်။ အရင်တုန်းက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ အာဂျင်တီးနားအသင်းကို ခင်ဗျားတို့ မှတ်မိကြမှာပါ။ ဒါပေမဲ့ ဒီ အသင်းကတော့ အဲဒီအသင်းတွေနဲ့ ဘာမှမဆိုင်ဘူး။ ဒီအသင်းက အတော်ချာတဲ့အသင်းပါ" ဟု ဝေဖန်ခဲ့သည်။

Most Read

Most Recent