ခြေစွမ်းပြနေတဲ့ မက္ကဆီကိုအသင်း တောင်ကိုရီးယားကို အနိုင်ယူ

ခြေစွမ်းပြနေတဲ့ မက္ကဆီကိုအသင်း တောင်ကိုရီးယားကို အနိုင်ယူ
Published 24 June 2018

■ တောင်ကိုရီးယား ၁-၂ မက္ကဆီကို

Photo: Getty Images

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (F) ဒုတိယပွဲစဉ်ရဲ့ အစောဆုံးပွဲအဖြစ် ယှဉ်ပြိုင်တဲ့ တောင်ကိုရီးယားအသင်းနဲ့ မက္ကဆီကိုအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မက္ကဆီကိုအသင်းက (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ရှုံးထွက်အဆင့်တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

မက္ကဆီကိုအသင်းက အဖွင့်ပွဲမှာ ဂျာမနီကိုအနိုင်ရခဲ့တဲ့ အတိုင်း ဒီပွဲမှာလည်း အိုချုအာ၊ အဲယာလာ၊ ဆယ်လ်စီဒို၊ ဟာရဲရား၊ ကားလို့စ်ဗီလာ၊ လိုဇာနို၊ ဟာနန်ဒက်ဇ်တို့လို အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ရလဒ်ကောင်းဖို့ကြိုးစားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းကလည်း နောက်တစ်ဆင့်အတွက် နိုင်ပွဲရဖို့လိုအပ်နေတာကြောင့် ကီဆောင်ယွန်း၊ ဆွန်ဟောင်မင်၊ ဟွမ်ဟီချန်တို့လို ကစားသမားတွေကို ဦးတည်ပွဲထွက်လာခဲ့တာပါ။

ပွဲစကတည်းက မက္ကဆီကိုတို့ ကစားကွက်စီးဖို့ကြိုးစားခဲ့ပေမယ့် တောင်ကိုရီးယားအသင်းရဲ့ ကစားပုံကလည်း အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် တောင်ကိုရီးယားရဲ့ ခပ်ကြမ်းကြမ်းကစားပုံက မက္ကဆီကိုအသင်းကို အခက်တွေ့စေခဲ့ပြီး ထိရောက်တဲ့ဂိုးကန်သွင်းမှုတွေမရှိခဲ့ပါဘူး။ မက္ကဆီကိုအသင်းကံကောင်းခဲ့တာက ပွဲချိန် (၂၆)မိနစ်မှာ ပယ်နယ်တီရခဲ့တာဖြစ်ပြီး ဂွါဒါဒိုရဲ့ ဖြတ်တင်ဘောကို တောင်ကိုရီးယားနောက်ခံလူတားဆီးရာမှာ ပယ်နယ်တီစည်းအတွင်း လက်နဲ့ ထိခဲ့တာကြောင့်ပါ။

ဒီပယ်နယ်တီကို ကားလို့စ်ဗီလာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး မက္ကဆီကိုအသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ နှစ်သင်းစလုံးအမှားစောင့်ကစားရင်း ဂိုးရဖို့ကြိုးစားပေမယ့် မက္ကဆီကိုနောက်တန်းက ဆွန်ဟောင်မင်၊ ဟွမ်ဟီချန်တို့ရဲ့ တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။

မက္ကဆီကိုအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၆၆)မိနစ်မှာ လိုဇာနိုရဲ့ပေးပို့မှုကို ဟာနန်ဒက်ဇ်က တောင်ကိုရီးယားနောက်ခံလူကို တစ်ချက်ခေါက်ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ ကန်သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ဟာနန်ဒက်ဇ်ရဲ့ မက္ကဆီကိုအသင်းအတွက် လက်ရွေးစင်သွင်းဂိုး (၅၀)ဂိုးမြောက်ဖြစ်ပြီး ပထမဆုံး ဂိုး(၅၀)သွင်းယူတဲ့ မက္ကဆီကိုကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo: Reuters

(၂)ဂိုးပေးလိုက်ရပြီးချိန်မှာတော့ မက္ကဆီကိုတို့ စိတ်ဓာတ်တက်သွားခဲ့ပြီး တောင်ကိုရီးယားအသင်းဘက်ကို ဖိအားပေးကစားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ဆွန်ဟောင်မင်က ဧရိယာအပြင်ကနေ အဝေးကန်ချက်နဲ့ လှလှပပသွင်းယူခဲ့တာပါ။

ပွဲအပြီးမှာတော့ မက္ကဆီကိုအသင်းဟာ တောင်ကိုရီးယားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး (၂)ပွဲကစား (၂)ပွဲနိုင် ရမှတ် (၆)မှတ်နဲ့အတူ ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

Most Read

Most Recent