နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ ဘရာဇီးလ်အသင်း ပထမဆုံးနိုင်ပွဲရ

နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ ဘရာဇီးလ်အသင်း ပထမဆုံးနိုင်ပွဲရ
Published 23 June 2018

ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို ကော်တင်ဟို သွင်းယူခဲ့စဉ်

■ ဘရာဇီးလ် ၂-ဝ ကော်စတာရီကာ

အုပ်စု(E) ရဲ့ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြတဲ့ ဘရာဇီးလ်နဲ့ ကော်စတာရီကာတို့ပွဲစဉ်ကတော့  အကြိတ်အနယ်ရှိခဲ့ပြီး ဘရာဇီးလ်က နာကျင်အချိန်ပို သွင်းဂိုးတွေနဲ့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။

အထူးသဖြင့် အုပ်စုအဖွင့်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းကို သရေသာကစားနိုင်ခဲ့တဲ့ ဘရာဇီးလ်အသင်းက နေမာအပါအဝင်အဓိက ကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ပါတယ်။ နည်းပြ ထိထီဟာ ၄-၂-၃-၁ ပုံစံနဲ့ပွဲထွက်ခဲ့ပြီး အယ်လစ်ဆန်၊ နောက်တန်းမှာတော့ ဆွစ်ဇာလန်နဲ့ပွဲက လူစာရင်းကိုအနည်းငယ်အပြောင်းအလဲလုပ်ခဲ့ပြီး ဒန်နီလိုနေရာမှာ ဖက်ဂ်နာကိုပွဲထွက်အဖြစ်အသုံးပြုခဲ့ပါတယ်။ အလယ်တန်းမှာတော့ ပေါ်လင်ဟို၊ ကက်စ်မဲရိုးတို့ကိုတည်ကစားကာ နေမာ၊ ကော်တင်ဟို၊ ဝီလီယံတို့နဲ့ တိုက်စစ်ကိုပုံဖော်ခဲ့သလို၊ အထောင်တိုက်စစ်မှူးအဖြစ် ဂျေးဆူကို အသုံးပြုခဲ့ပါတယ်။

ကော်စတာရီကာကလည်း သူတို့ရဲ့အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်ခဲ့ပြီး ၅-၄-၁ ကစားကွက်မှာ နာဗတ်စ်၊ ဘရိုင်ယန်ရုဇ်၊ ဘော်ဂတ်စ်၊ ဗယ်နီဂတ်စ် စတဲ့ ကစားသမားတွေအပါအဝင် တိုက်စစ်မှူးအဖြစ် အူရီနာကို အသုံးပြုသွားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ပထမပိုင်းမှာ တိုက်စစ်ဖွင့်ပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ကော်စတာရီကာက ခံစစ်ကို အားပြုကစားခဲ့ပြီး ဂိုးမပေးရဖို့ ပိတ်ဆို့ကစားခဲ့ပါတယ်။ မာဆယ်လို၊ နေမာတို့ရဲ့ဘယ်ဘက်အခြမ်းက တိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ဂိုးကန်သွင်းမရခဲ့ပါဘူး။ ကော်စတာရီကာကလည်း ဘရာဇီးလ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို တားဆီးနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်နည်းပြ ထိထီဟာ ခြေစွမ်းမပြနိုင်တဲ့ ဝီလီယံကို ဒူဂလပ်စ်ကော်စတာနဲ့ လူစားလဲကစားခဲ့ပါတယ်။ ဒူဂလပ်စ်ကော်စတာပါဝင်လာပြီးနောက် ဘရာဇီးလ်တိုက်စစ်ဟာ ပိုမိုအသက်ဝင်လာခဲ့ပြီး တောက်လျှောက်တိုက်စစ်ဆင်နိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဂျေးဆူရဲ့ ခေါင်တိုက်ချက် တိုင်ထိထွက်ခဲ့ပြီး နေမာ အပိုင်အခွင့်အရေး တချို့ လွဲချော်ခဲ့လို့ ဘရာဇီးလ်အသင်း ဂိုးစောစောစီးစီး မရရှိခဲ့တာပါ။

အထူးသဖြင့် နေမာ ဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ကို ဟန်ဆောင်လှဲချခဲ့လို့လည်း ဘရာဇီးလ်အသင်းနစ်နာခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းရဲ့ အနိုင်ဂိုးတွေကိုတော့ နာကျင်အချိန်ပို မိနစ်တွေကျမှ ရရှိခဲ့တာဖြစ်ပြီး ပထမဂိုးကို ကော်တင်ဟိုက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းယူခဲ့သလို၊ ပွဲသိမ်းအနိုင်ဂိုးကိုတော့ တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒူကလပ်စ်ကော်စတာရဲ့ ဖန်တီးမှုကို နေမာက သွင်းယူခဲ့ပါတယ်။

နေမာသွင်းယူခဲ့တဲ့ ဂိုးဟာ ပွဲချိန် ၉၆း၄၉ မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း နောက်အကျဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

Most Read

Most Recent