Published 22 June 2018

အာဂျင်တီးနား-ခရိုအေးရှားပွဲအပြီး ထူးထူးခြားခြား ကိန်းဂဏန်းများ

၆0 - အာဂျင်တီးနားအသင်းသည် ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်တွင် ချက်ကိုဆလိုဗက်ကီးယားအသင်းအား (၆-၁) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နှစ်ပေါင်း ၆၀ အကြာ တွင် အဆိုးရွားဆုံး အုပ်စုပွဲရှုံးနိမ့်မှုအဖြစ် ခရိုအေးရှားအသင်းအား သုံးဂိုးပြတ်ရှုံးနိမ့်ခြင်း ဖြစ်သည်။

၆၄၇ - မက်ဆီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲအပါအဝင် ကမ္ဘာ့ ဖလားပြိုင်ပွဲများ၌ ဂိုးပေါက်ပျောက်ဆုံးနေမှုမှာ ၆၄၇ မိနစ်အထိရှိလာပြီဖြစ်သည်။ နောက်ဆုံး သွင်းယူခဲ့သည့်ဂိုးမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် နိုင်ဂျီးရီးယားအသင်း နှင့်ပွဲ၌ သွင်းယူခဲ့ခြင်းဖြစ်သည်။

၂၇၀.၈ - မက်ဆီသည် ဘာစီလိုနာအသင်း၌ ပျမ်းမျှ ၉၃ ဒသမ ၃ မိနစ်လျှင် တစ်ဂိုးနှုန်း သွင်းယူနိုင်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ယင်းပမာဏ၏သုံးဆနီးပါးကွာဟနေပြီး ပျမ်းမျှ ၂၇၀ ဒသမ ၈ မိနစ်လျှင် တစ်ကြိမ်သာ ဂိုးသွင်းယူနိုင်သည်။ ယခုပြိုင်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲအပြီးတွင် ပြိုင်ဘက်ဂိုးပေါက်သို့ကန်သွင်းမှု (၁၂) ကြိမ်ရှိသော်လည်း ခရိုအေးရှားနှင့် ပွဲ၌ တစ်ကြိမ်သာ ကန်သွင်းခွင့်ရသည့်အပြင် ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိတွေ့မှု နှစ်ကြိမ်သာရှိသည်အထိ အခြေအနေဆိုးရွားခဲ့သည်။

၁၁ - အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲကစား အပြီး နိုင်ပွဲမရခြင်းမှာ ၁၉၇၄ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း (၁၁) အကြိမ်အကြာတွင် မှတ်တမ်းဆိုး ပြန်လည်ရရှိခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်ပြိုင်ပွဲ အဖွင့်ပွဲတွင် ပိုလန်အသင်းအား (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယပွဲတွင် အီတလီအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

၂၀ - ခရိုအေးရှားအသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်တက်ရောက် နိုင်ခြင်းမှာ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရသည့် ၁၉၉၈ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း နှစ် ၂၀ အကြာတွင် ပြန်လည်တက်ရောက်ခွင့်ရခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်ပြိုင်ပွဲတွင် တတိယရရှိ သော်လည်း ၂၀၀၂၊ ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ်ပြိုင်ပွဲများတွင် အုပ်စုအဆင့်မှထွက်ခဲ့ရသည်။

 

 

Most Read

Most Recent