ဒီယေဂိုကော်စတာရဲ့ ဂိုးနဲ့ အီရန်အသင်းကို စပိန်အနိုင်ယူ

ဒီယေဂိုကော်စတာရဲ့ ဂိုးနဲ့ အီရန်အသင်းကို စပိန်အနိုင်ယူ
Published 21 June 2018

Photo:AFP

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (B) ရဲ့ ပွဲစဉ် (၂)ကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ စပိန်အသင်းက တိုက်စစ်မှူးဒီယေဂိုကော်စတာရဲ့ သွင်းဂိုးနဲ့အတူ အီရန်အသင်းကိုအနိုင်ယူပြီး ပေါ်တူဂီနဲ့ရမှတ်တူအနေအထားဖြစ်ခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ စပိန်အသင်းက သရေရလဒ်သာရရှိခဲ့ပေမယ့် အီရန်အသင်းကတော့ မော်ရိုကိုအသင်းကို အနိုင်ရထားလို့ ဒီပွဲမှာလည်း အီရန်တို့ရမှတ်ရရှိရေးအတွက် ခံစစ်ပိုင်းကို အဓိကပြင်ဆင်လာခဲ့ပါတယ်။

စပိန်နည်းပြ ဟီယာရိုဟာ အဖွင့်ပွဲစဉ်မှာအသုံးပြုခဲ့တဲ့ လူစာရင်းကို (၂)နေရာအပြောင်းအလဲလုပ်ခဲ့ပြီး နာချိုနေရာမှာ ကာဗာဟယ်လ်နဲ့ ကိုကေနေရာမှာ ဗက်ဇ်ကေးတို့ ပွဲထွက်ကစားခဲ့ပါတယ်။ အီရန်အသင်းကတော့ စပိန်အသင်းဆီက သရေတစ်မှတ်ယူဖို့ အဓိကပစ်မှတ်ထားခဲ့ပြီး စပိန်အသင်းကို တစ်ပွဲလုံးအခက်တွေ့စေခဲ့ပါတယ်။

ပွဲစကတည်းက စပိန်အသင်းဖိကစားဖို့ကြိုးစားခဲ့ပေမယ့် အီရန်အသင်း ခံစစ်ပိုင်းမှာ အဓိက ပိတ်ဆို့ကစားခဲ့တာကြောင့် စပိန်တို့ သေချာပေါက်အခွင့်အရေးတွေသိပ်မရခဲ့ပါဘူး။ အီရန်အသင်းရဲ့ တစ်သင်းလုံးအတက်အဆင်းမြန်မြန်ကစားနိုင်မှုကလည်း စပိန်အသင်းကို အခက်တွေ့စေခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေလဒ်နဲ့ ပြီးဆုံးခဲ့လို့ စပိန်တို့ ဖိအားဝင်သွားခဲ့ပြီး ပထမပွဲစဉ်မှာ အဓိကပြိုင်ဘက် ပေါ်တူဂီအနိုင်ရခဲ့တာကြောင့် ဒုတိယပိုင်းဟာ စပိန်အတွက်ပိုအရေးပါခဲ့ပါတယ်။

Photo:AFP

ပွဲချိန် (၅၄)မိနစ်မှာတော့ စပိန်အသင်းမထင်မှတ်တဲ့အနေအထားကနေအဖွင့်ဂိုးရရှိသွားခဲ့ပြီး တိုက်စစ်မှူး ဒီယေဂိုကော်စတာ ကန်သွင်းဖို့ကြိုးစားချိန် အီရန်နောက်ခံလူ ဖျက်ထုတ်ရင်း ဒီယေဂိုကော်စတာနဲ့ ထိပြီးဂိုးဝင်သွားခဲ့ပါတယ်။ ဒီဂိုးဟာ ဒီယေဂိုကော်စတာရဲ့ ယခုပြိုင်ပွဲ (၃)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် အီရန်တို့ ပိုဖိဖိစီးစီးကစားလာခဲ့ပြီး၊ အခွင့်အရေးတွေလည်း ပြန်လည်ရရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် (၆၀)မှာ အီရန်အသင်းရဲ့ ကွင်းလယ်လူ အီဇာတိုလာဟီက ပြစ်ဒဏ်ဘောကတစ်ဆင့် ရှုပ်နေတဲ့အနေအထားကနေ ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေတဲ့အတွက် ဂိုးအဖြစ်သတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။

Photo:AFP

မိနစ် (၈၀)မှာလည်း အီရန်တို့ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးဘားပေါ်က ကျော်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ စပိန်အသင်းကတော့ လက်ကျန်မိနစ်တွေမှာ အနိုင်ရလဒ်အတွက် ထိန်းကစားခဲ့ပြီး ဗက်ဇ်ကေးနေရာမှာ အဆန်စီယို၊ ဒီယေဂိုကေ်ာစတာနေရာမှာ ရိုဒရီဂိုတို့ကိုထည့်သွင်းကာ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့ပေမယ့် ဂိုးထပ်သွင်းယူနိုင်ခြင်းတော့မရှိတော့ပါဘူး။

ဒီနိုင်ပွဲကြောင့် စပိန်အသင်းဟာ (၁)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ (၄)မှတ်ရရှိထားပြီး ပေါ်တူဂီအသင်းနဲ့ ရမှတ်တူအနေအထားဖြစ်နေပါတယ်။ အီရန်အသင်းက ရမှတ် (၃)မှတ်ရရှိထားပြီး နောက်တစ်ဆင့်တက်ဖို့အတွက် နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အနိုင်ကစားဖို့လိုအပ်သွားခဲ့ပြီဖြစ်ပါတယ်။

Most Read

Most Recent