လန်ဒန်မှ ဆံသဆရာအယ်လ်ဆာနာဝီကို ရုရှားနိုင်ငံအထိ လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး ပေါ့ဘာအပါအဝင် ပြင်သစ်ကစားသမား (၁၃)ဦး ဆံပင်ညှပ်

လန်ဒန်မှ ဆံသဆရာအယ်လ်ဆာနာဝီကို ရုရှားနိုင်ငံအထိ လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး ပေါ့ဘာအပါအဝင် ပြင်သစ်ကစားသမား (၁၃)ဦး ဆံပင်ညှပ်
Published 20 June 2018

 

Photos: The Sun

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ၎င်း၏ဆံသဆရာ အယ်လ်ဆာနာဝီကို ရုရှားနိုင်ငံ၊ မော်စကိုရှိ ပြင်သစ်အသင်း အခြေစိုက်ရာသို့ လေယာဉ်လွှတ်ကာ ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ပေါ့ဘာအား အမြဲဆံပင်ညှပ်ပေးနေသည့် အယ်လ်ဆာနာဝီသည် ပြင်သစ်အသင်းအခြေစိုက်ရာ ဟိုတယ်တွင် (၁၈)နာရီအထိ နေထိုင်ခဲ့ရပြီး ပေါ့ဘာအပါအဝင် ပြင် သစ်ကစားသမား (၁၃)ဦးကို ဆံပင်ညှပ်ပေး ခဲ့ရကြောင်း သိရှိရသည်။

အသက်(၂၆)နှစ်အရွယ်ရှိ ဆံသဆရာ အယ်လ်ဆာနာဝီသည် လန်ဒန်မြို့၊ ဆာရီဒေသဖြစ်သည့် ချက်ဆိန်းတွန်တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသူဖြစ်ပြီး ပရီးမီးယားလိဂ် နာမည်ကျော်ကစားသမားကို အမြဲတမ်း ဆံပင် ညှပ်ပေးနေသူလည်း ဖြစ်သည်။ ပြင်သစ်ကစားသမားဖြစ်သည့် မန်ယူကွင်းလယ်လူ ပေါ့ဘာနှင့် မန်စီးတီးနောက်ခံလူ မန်ဒီတို့မှာ ဆံသဆရာအယ်လ်ဆာနာဝီ၏ ဖောက်သည်များဖြစ်ကြောင်း သိရှိရသည်။

" ပေါ့ဘာနဲ့ မန်ဒီက ကျွန်တော့်ရဲ့ ဖောက်သည်တွေပါ။ ဒါပေမဲ့ အခြားပြင်သစ်ကစားသမားတွေကလည်း Instagram ကတစ်ဆင့် ကျွန်တော့်ကို သိနေ ကြပါတယ်။ ကျွန်တော် သူတို့ဆီ ရောက်နေတုန်း ဆံပင်ညှပ်ချင်ကြပါတယ်" ဟု ဆံသဆရာအယ်လ်ဆာနာဝီက ပြောကြားခဲ့သည်။ အယ်လ်ဆာနာဝီ ဆံပင်ညှပ်ပေးခဲ့သည့် ပြင်သစ်ကစားသမား(၁၃)ဦးထဲတွင် ဘာစီလိုနာကစားသမားများဖြစ်သည့် ဒမ်ဘီလီ၊ အမ်တီတီ တို့ပါဝင်သလို ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေနှင့် PSG စတား ဘာပေတို့ ပါဝင် ကြောင်း သိရှိရသည်။

"ဘာပေက ရိုးရှင်းတဲ့ပုံစံကို သဘောကျတယ်။ သူ့ကို ဆံပင်ပုံစံဆန်းဆန်းလေး ညှပ်ပေးဖို့လုပ်တော့ ဘာပေက ငြင်းပါတယ်။ ကျွန်တော်က ပိုလှအောင် လုပ်ပေးချင်ပေမယ့် ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဆံသဆရာ ဆိုတာ ဆံပင်လာညှပ်သူတွေ စိတ်ကြိုက်ပဲ လုပ်ပေးတာလေ" ဟု ၎င်းက ပြောကြားခဲ့သည်။ ဆံသဆရာ အယ်လ်ဆာနာဝီသည် ပြင်သစ်ကစားသမားများကို ဆံပင်ညှပ်ပေးပြီးနောက် လန်ဒန်သို့ ပြန်လာခဲ့ပြီး ရုရှားမှ လာမည့် ဖုန်းကို မျှော်နေကြောင်းလည်း ပြောကြားခဲ့သည်။ အယ်လ်ဆာနာဝီက "ရုရှားကို ကျွန်တော် ပြန်သွားရနိုင်ပါတယ်။ ပြင်သစ်အသင်းက ကျွန်တော့်ကို ပြန်ခေါ်နိုင်သလို နိုင်ဂျီးရီးယား၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံအသင်း တွေကလည်း ကျွန်တော့်ကို ခေါ် နိုင်ပါတယ်။ သူတို့ ခေါ်တာနဲ့ ကျွန်တော်ကတော့ သွားဖို့ အသင့်ပါပဲ"ဟု ဆိုခဲ့သည်။

အယ်လ်ဆာနာဝီက ပေါ့ဘာသည် နာမည်ကျော် အင်္ဂလန်ကွင်းလယ်လူဟောင်း ဘက်ခမ် လက်သစ်ဖြစ်ကြောင်းနှင့် ပေါ့ဘာ၏ ဆံပင်ပုံစံကို လူတိုင်းစိတ်ဝင်စားကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ၎င်းက ဆံပင်ညှပ်ခြင်းမှာ ရုပ်ရည်ရူပကာကို အလေးပေးသော ယခုခေတ်တွင် ကစားသမားများ၏ ပုံရိပ်အတွက် အရေးကြီးပြီး ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘောလုံးပွဲစဉ်တစ်ပွဲ မကစားခင် ဆံပင်ပုံစံသစ်ညှပ်ခြင်းက ဘောလုံးသမားများကို ယုံကြည်မှုတိုးစေသည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent