စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယား ကမ္ဘာ့လစာငွေအမြင့်ဆုံးဂိုးသမား ဖြစ်လာမည်

စပိန်လက်ရွေးစင်ဂိုးသမား ဒီဟေးယား ကမ္ဘာ့လစာငွေအမြင့်ဆုံးဂိုးသမား ဖြစ်လာမည်
Published 20 June 2018

 

Photo: AFP

 

စပိန်အသင်း၏နံပါတ်တစ်ဂိုးသမား ဒီဟေးယားသည် မန်ယူအသင်း နှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရပြီးနောက် ကမ္ဘာ့လစာငွေအမြင့်ဆုံးဂိုးသမား ဖြစ်လာတော့မည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် အသင်း၏အဓိက ဂိုးသမား ဒီဟေးယားအား စာချုပ်သက်တမ်းတိုးနိုင်ရန် ယခုနှစ် အစပိုင်းကတည်းက ကြိုးပမ်းခဲ့ပြီး တစ်နှစ်လစာ ပေါင် (၁၈.၄) သန်းဖြင့် သဘောတူညီမှုရခဲ့သည်ဟု စပိန် သတင်းစာ Marca က ရေးသားခဲ့သည်။ ယင်းပမာဏမှာ တစ်ပတ်လစာ ပေါင်သုံးသိန်းခွဲ ဝန်းကျင်ခန့်ရှိပြီး ယခင်လစာငွေအများဆုံး ဖြစ်သည့် ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန်လက်ရွေးစင်ဂိုးသမား နော်ယာ၏ တစ်နှစ် လစာ ပေါင် (၁၃) သန်းကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ဒီဟေးယားသည် စာချုပ်သစ်အတွက် ပြီးခဲ့သည့်ဧပြီလကတည်းက အသင်း နှင့် အကြိုသဘောတူညီမှုယူထားခဲ့ကာ ယခုအချိန်တွင် အသေးစိတ်အချက်အလက်များ အပြီးသတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးတွင် စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖွယ်ရှိနေသည်။ သို့သော် Marca ၏သတင်းတွင် စာချုပ်သက်တမ်းကာလကို ရေးသားထားခြင်းမရှိကြောင်း သိရသည်။

စပိန်အသင်းနည်းပြ ဟီယာရိုက ယနေ့ကစားမည့် အီရန်နှင့်ပွဲတွင် ဒီဟေးယားကိုပင် ပွဲထွက်ကစားစေမည်ဟု အတည်ပြု ကြေညာခဲ့သည်။ ဒီဟေးယားသည် ပေါ်တူဂီ နှင့်ပွဲတွင် စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် ဝေဖန်ခံနေရသော်လည်း ဒီဟေးယားအပေါ် စပိန်တစ်သင်းလုံးက ယုံကြည်မှုအပြည့်ရှိနေသည်ဟုလည်း ဟီယာရိုက ပြောကြားခဲ့သည်။

Most Read

Most Recent