ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 June 2018

 

 

Photos: AFP

ပေါ်တူဂီ - မော်ရိုကို (၂၀-၆-၂၀၁၈ ညနေ ၆း၃၀)
မော်ရိုကိုက ဒီအုပ်စုကနေ တက်ဖို့ မျှော်လင့်ချက်နည်းသွားပါပြီ။ ပေါ်တူဂီဆီကနေ အမှတ်မဖြစ်မနေရဖို့ ကြိုးစားရမှာဖြစ်ပေမယ့် မော်ရိုကိုရဲ့ တိုက်စစ်က အားနည်းလွန်းတယ်။ စီရော်နယ်လ်ဒိုကတော့ ဂိုးသွင်းဘုရင်ဆုအတွက်ပါ ချိန်လို့ရနေပြီး၊ ယုံကြည်မှုအမြင့်ဆုံးကိုရောက်နေပြီ။ ပေါ်တူဂီ ဂိုးပြတ်နိုင်မယ်။

ဥရုဂွေး - ဆော်ဒီအာရေဗျ (၂၀-၆-၂၀၁၈ ညနေ ၉း၃၀)
ဥရုဂွေးရဲ့ အဖွင့်ပွဲခြေစွမ်းက စိတ်ဝင်စားစရာမရှိဘူး။ အထလေးတယ်။ ကွင်းလယ်က တိုက်စစ်ကို အခွင့်အရေးတွေ ဖန်တီးနိုင်မှုအပိုင်းမှာ အားနည်းတယ်။ ဒါပေမဲ့ ဆွာရက်ဇ်နဲ့ ကာဗာနီက ဒီပွဲမှ ဂိုးမရဘူးဆိုရင် အရမ်းစိတ်ပျက်စရာဖြစ်သွားပြီ။ ဆော်ဒီလိုခံစစ်ပိုင်းကို ဂိုးမရစရာလည်း မရှိပါဘူး။ ဆော်ဒီကတော့ ကွင်းလယ်အားနည်းသလို၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအား ပျော့လွန်းတယ်။ အသင်းလိုက်စုဖွဲ့ကစားပုံက ကျစ်လျစ်မှုမရှိဘူး။ ဥရုဂွေးက နှစ်ပွဲဆက် နိုင်ပွဲယူလိမ့်မယ်။

အီရန် - စပိန် (၂၁-၆-၂၀၁၈ ၀၀း၃၀)
အီရန်က အဖွင့်ပွဲစဉ်မှာ မထင်မှတ်ဘဲ မော်ရိုကို ကို အနိုင်ကစားပြီး အုပ်စုက စတင်ဦးဆောင်လိုက်တယ်။ အဖွင့်ပွဲစဉ်မှာ ကစားခဲ့တဲ့ အီရန်ရဲ့ ခြေစွမ်းက မဆိုးဘူး။ ခံစစ်မာပြီး ကွင်းလယ်ကလည်း ဘောလုံးကို ဖျက်နိုင်၊ ဖြန့်နိုင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ မော်ရိုကိုထက် ပိုကောင်းလို့နိုင်တာမျိုးတော့မဟုတ်ဘူး။ နောက်ဆုံးမိနစ်မှာ မထင်မှတ်ဘဲ ဂိုးရသွားတာဖြစ်တယ်။ စပိန်က ပေါ်တူဂီနဲ့ ပွဲမှာ နိုင်ပွဲမရခဲ့ဘူး။ ဒါပေမဲ့ သူတို့ ဘာလုပ်နိုင်သလဲဆိုတာကို ကောင်းကောင်းပြနိုင်ခဲ့တယ်။ စပိန်ရဲ့ ကွင်းလယ်ကစားပုံက အကောင်းဆုံးအနေအထားမှာ ရှိသလို၊ ခံစစ်ကလည်း စီရော်နယ်လ်ဒိုကောင်းလွန်းတာကြောင့်နဲ့ ဒီဟေးယား ရဲ့အမှားကြောင့် ဂိုးတွေပေးလိုက်ရပေမယ့် ပုံမှန်အားဖြင့် စိတ်ချရပါတယ်။ ဒါ့အပြင် ဒီယေဂိုကော်စတာ ဂိုးသွင်းခြေရသွားပြီး တိုက်စစ်မှာ အချိတ်အဆက်မိမိ ဦးဆောင်နိုင်ခဲ့တာက စပိန်အတွက် အရမ်းအကျိုးရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း အီရန် ကို အေးအေးဆေးဆေး ထိန်းချုပ်ပြီး အနိုင်ယူသွားဖို့ ရှိတယ်။ စပိန်က တစ်ဖက်သတ်စိုးမိုးထားပြီး၊ အီရန်အသင်း ခံစစ်မှာ အချိန်ကုန်နေလိမ့်မယ်။ အီရန်ရဲ့ တန်ပြန်တိုက်စစ်ကလည်း သိပ်ပြီး ထိရောက်မှုမရှိဘူး။ ဒီပွဲက စပိန် ဂိုးမပေးရဘဲ နိုင်မယ့်ပွဲပါ။ (၂-ဝ၊ ၃-ဝ)လောက်ဖြစ်သွားနိုင်တယ်။

Most Read

Most Recent