နောက်တစ်ဆင့်တက်ဖို့ ရာနှုန်းပြည့်နီးပါးသေချာသလောက်ရှိသွားတဲ့ ရုရှား

နောက်တစ်ဆင့်တက်ဖို့ ရာနှုန်းပြည့်နီးပါးသေချာသလောက်ရှိသွားတဲ့ ရုရှား
Published 20 June 2018

Photo:AFP

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (A)ရဲ့ ဒုတိယနေ့ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်ရုရှားတို့ အကောင်းဆုံးပုံစံပြခဲ့ပြီး ဂိုးပြတ်နိုင်ပွဲထပ်မံရယူကာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်ဖို့သေချာသလောက်ဖြစ်ခဲ့ပါတယ်။

ရုရှားအသင်းဟာ အဖွင့်ပွဲစဉ်မှာ (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ လူစာရင်းကို ဒီဇာကော့ဗ်တစ်ဦးသာ အပြောင်းအလဲလုပ်ခဲ့ပြီး ဂိုလိုဗင်က ပွဲထွက်ကစားခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ ဥရုဂွေးကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ အီဂျစ်အသင်းကတော့ ယခုပွဲစဉ်ကို ထပ်မံရှုံးနိမ့်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ပထမဆုံးထွက်ခွာရတဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အီဂျစ်အသင်းမှာ ဆာလာပွဲထွက်လာခဲ့ပေမယ့် ဒဏ်ရာဖိအားနဲ့အတူ အကောင်းဆုံးပုံစံအတွက် ရုန်းကန်ခဲ့ရပါတယ်။
ရုရှားအသင်းကတော့ အိမ်ရှင်ပီပီ ပွဲစကတည်းက အီဂျစ်အသင်းဘက်ကို တိုက်စစ်ဆင်ကစားခဲ့ပြီး အီဂျစ်အသင်းကလည်း နောက်တစ်ဆင့်မျှော်လင့်ချက် အတွက်အိမ်ရှင်အသင်းကို အပြန်အလှန်ကစားဖို့ကြိုးစားခဲ့ပါတယ်။

Photo:AFP

ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပေမယ့် ပွဲရဲ့အလှည့်အပြောင်းကတော့ ပွဲချိန်ဒုတိယပိုင်းအစမှာပဲဖြစ်ခဲ့ပါတယ်။
ရုရှားအသင်းရဲ့ တိုက်စစ်ဆင်ကန်သွင်းမှုကို တားဆီးရင်း အီဂျစ်နောက်ခံလူ ဖက်သီ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
ဂိုးရပြီးနောက်မှာတော့ ရုရှားအသင်းရဲ့တစ်ဖက်သက်တိုက်စစ်ဆင်ခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ ဂိုးတွေရရှိခဲ့ပါတယ်။

ပွဲချိန် (၅၉)မိနစ်မှာတော့ ဖာနန်ဒက်ဇ်ရဲ့ အကောင်းဆုံးပေးပို့မှုကနေ ချီရီရှက်ဖ်က သူ့အတွက် ဒီပြိုင်ပွဲရဲ့ (၃)ဂိုးမြောက်ကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူခဲ့ပါတယ်။

အီဂျစ်အသင်းရဲ့ တိုက်စစ်က ကွင်းလယ်နဲ့အချိတ်အဆက်ပြတ်ခဲ့လို့လည်း ထိရောက်မှုတွေမရှိခဲ့ပါဘူး။

ရုရှားအသင်းအတွက် တတိယဂိုးကိုတော့ နောက်ခံလူ ကူတယ်ပေါ့ဗ်ရဲ့ အဝေးဘောကန်တင်ပေးပို့မှုကနေ တိုက်စစ်မှူး ဂျူဘာက တစ်ချက်ထိန်းပြီး အီဂျစ်နောက်တန်းကို ကျော်ဖြတ်ကာ လှလှပပကန်သွင်းယူသွားခဲ့ပါတယ်။

(၃)ဂိုးပြတ်နဲ့ အနိုင်သေချာသွားခဲ့တာကြောင့် ရုရှားတို့ကစားအားချခဲ့ပြီး ပွဲကိုထိန်းကစားခဲ့ပါတယ်။

အီဂျစ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၇၃)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် တိုက်စစ်မှူးဆာလာကသွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ဆာလာရဲ့ပထမဆုံးသော ကမ္ဘာ့ဖလားသွင်းဂိုးဖြစ်သလို၊ ၁၉၃၄ ပြိုင်ပွဲမှာ ဖော်ဇီ၊ ၁၉၉၀ ပြိုင်ပွဲမှာ အယ်လ်ဂါနီတို့နောက် အီဂျစ်အသင်းသမိုင်းတစ်လျှောက် တတိယမြောက် ကမ္ဘာ့ဖလားဂိုးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၆ ပြိုင်ပွဲမှာ အွန်နရီ၊ ၂၀၁၀ ပြိုင်ပွဲမှာ ဒရော့ဘာနဲ့ ၂၀၁၄ ပြိုင်ပွဲမှာ ဆွာရက်ဇ်တို့နောက် ကမ္ဘာ့ဖလားမှာ ဂိုးသွင်းတဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်လည်းဖြစ်ခဲ့ပါတယ်။

Photo:AFP

လက်ကျန်မိနစ်မှာတော့ အိမ်ရှင်ရုရှားအသင်းက အနိုင်ရလဒ်အတွက်ထိန်းကစားသွားခဲ့ပြီး (၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင်၊ ရမှတ် (၆)မှတ်၊ ရဂိုး (၈)ဂိုး၊ ပေးဂိုး (၁)ဂိုးနဲ့အတူ နောက်တစ်ဆင့်အတွက်သေချာသလောက်ဖြစ်ခဲ့ပါတယ်။

ရုရှားအသင်းနောက်တစ်ဆင့်တက်ရောက်ဖို့အတွက် သချာၤနည်းအရ ဥရုဂွေး - ဆော်ဒီအာရေဗျပွဲရလဒ်ကို စောင့်ကြည့်ရဥးမှာဖြစ်ပေမယ့် ဂိုးကွာခြားချက် (+၇)ဂိုးအထိရှိထားတဲ့ ရုရှားတို့အတွက်တော့ အခွင့်အရေးကောင်းလွန်းသွားခဲ့ပြီလို့ပဲဆိုရမှာပါ။

Most Read

Most Recent