ဆီနီဂေါကို ရှုံးနိမ့်ပြီး ဖိအားဝင်ခဲ့တဲ့ ပိုလန်

ဆီနီဂေါကို ရှုံးနိမ့်ပြီး ဖိအားဝင်ခဲ့တဲ့ ပိုလန်
Published 20 June 2018

Photo:AFP

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (H)ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ပိုလန်အသင်းနဲ့ ဆီနီဂေါအသင်းတို့ပွဲမှာတော့ ဆီနီဂေါအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရရှိပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

ပထမပွဲစဉ်မှာ အုပ်စုတွင်း အားအနည်းဆုံးဂျပန်အသင်း နိုင်ပွဲရရှိခဲ့တာကြောင့် နှစ်သင်းစလုံး ဒီပွဲမှာအနိုင်ရဖို့အားထုတ်ခဲ့ကြပြီး အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ပိုလန်အသင်းက ဆက်ဇနီ၊ မီလစ်ခ်၊ လီဝန်ဒေါစကီး၊ ဘလက်ဇီကောစကီး၊ ခရီဟိုယက်တို့နဲ့ လူစုံထုတ်ခဲ့သလို၊ ဆီနီဂေါအသင်းကလည်း ကူလီဘာလီ၊ နီယန်း၊ မာနေ၊ ဂေးယီတို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲစကတည်းက ပိုလန်အသင်း ဆီနီဂေါအသင်းကို ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့် ဆီနီဂေါရဲ့ မာထန်မှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အဖွင့်ဂိုးကို ဆီနီဂေါအသင်းကရရှိသွားခဲ့ပြီး ပွဲချိန် (၃၇)မိနစ်မှာ ပိုလန် ချိုနက်ခ်က ကိုယ့်ဂိုးကိုသွင်းခဲ့မိတာပါ။

Photo:AFP

ဒါဟာ ချိုနက်ခ်အတွက် မှတ်တမ်းဆိုးတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ပိုလန်အသင်းအတွက် ပထမဆုံးကိုယ့်ဂိုးကိုယ်သွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် (၆၀)မှာ ပိုလန်အသင်းရဲ့ပေးပို့မှုအမှားကတစ်ဆင့် ဂိုးသမား ဆဇက်ဇနီ ဂိုးစည်းပြင်ထွက်ဖမ်းရာမှာ မသေသပ်ခဲ့တာကြောင့် ဆီနီဂေါတိုက်စစ်မှူး နီယန်းက ဂိုးသမားကိုပါကျော်ဖြတ်ပြီး အသင်းအတွက်ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

(၂)ဂိုးပြတ်ရှုံးနိမ့်သွားတဲ့အနေအထားကြောင့် ပိုလန်အသင်းအပြောင်းအလဲတချို့ပြုလုပ်ခဲ့ပြီး ဆီနီဂေါအသင်းဘက်ကိုဖိအားပေးဖို့ကြိုးစားပါတယ်။

ပွဲချိန် (၈၆)မိနစ်မှာတော့ ပိုလန်အသင်းချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး ဂရိုဆစ်စကီးရဲ့ ပေးပို့မှုကတစ်ဆင့် ခရီဟိုယက်ကသွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်အနည်းငယ်မှာတော့ ဆီနီဂေါအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ယခုနှစ်ပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲရတဲ့ အာဖရိကအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo:AFP

ပိုလန်အသင်းအတွက်ကတော့ ကမ္ဘာ့ဖလားနောက်ဆုံး (၉)ပွဲဆက် ဂိုးပေးခဲ့ရတာဖြစ်ပြီး လက်ကျန် (၂)ပွဲဖြစ်တဲ့ ကိုလံဘီယာ၊ ဂျပန်အသင်းတို့နဲ့ ပွဲစဉ်တွေအတွက်လည်း ဖိအားပိုဝင်သွားခဲ့ရပါတယ်။

Most Read

Most Recent