ခရိုအေးရှားနှင့်ပွဲတွင် ဟီဂွါအင်နှင့် ဒီဘားလားတို့ ပွဲထွက်စာရင်း၌ ထပ်မံချန်လှပ်ခံရဖွယ်ရှိ

ခရိုအေးရှားနှင့်ပွဲတွင် ဟီဂွါအင်နှင့် ဒီဘားလားတို့ ပွဲထွက်စာရင်း၌ ထပ်မံချန်လှပ်ခံရဖွယ်ရှိ
Published 20 June 2018

အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီ သည် လာမည့် ခရိုအေးရှားအသင်းနှင့်အုပ်စုဒုတိ ယပွဲစဉ်တွင်လည်း တိုက်စစ်မှူးများဖြစ်သည့် ဟီဂွါအင်နှင့် ဒီဘားလားတို့ကို ပွဲထွက်စာရင်းမှ ထပ် မံချန်လှပ်သွားဖွယ်ရှိနေကြောင်း သိရသည်။

ဆမ်ပါအိုလီသည် အိုက်စလန်နှင့် (၁-၁)ဂိုးစီသရေကျ ခဲ့သော အုပ်စုအဖွင့်ပွဲစဉ်တွင် ယင်းတိုက်စစ်မှူး (၂)ဦးကို ပွဲထွက်စာရင်းချန်လှပ်ခဲ့၍ ပရိသတ်များက ဝေဖန်ခဲ့ကြပြီး အသင်းခေါင်းဆောင် မက်ဆီ မှာလည်း ပယ်နယ်တီလွဲချော်ခဲ့ရာ သရေရလဒ် သာ ပိုင်ဆိုင်ခဲ့ရသည်။

သို့ဖြစ်ရာ အာဂျင်တီးနားပရိသတ်များသည် နောက်တစ်ဆင့်အတွက်အရေးပါသည့် ခရိုအေးရှားအသင်းနှင့်ပွဲစဉ်တွင် ကစားသမားများအပြောင်းအလဲပြုလုပ်စေလိုပြီး ဟီဂွါ့အင်၊ ဒီဘားလားစသည့် တိုက်စစ်မှူးများကို ပွဲထွက် အသုံးပြုရန်မျှော်လင့်ထားကြသော် ဆမ်ပါ အိုလီက ကစားကွက်နှင့်အခြားကစားသမားအချို့ကိုသာ ပြောင်းလဲပွဲထွက်သွားဖွယ်ရှိကြောင်း သိရ သည်။

ဆမ်ပါအိုလီသည် ခရိုအေးရှားနှင့်ပွဲတွင် ကွင်းလယ်လူ ဘစ်ဂလီယာ၏နေရာ၌ အန်ဇိုပီရက်ဇ် ဖြင့်အစားထိုးကာ ပွဲထွက်ရန်ရည်ရွယ်ထားပြီး လူငယ်တောင်ပံကစားသမား ပါဗွန်ကိုလည်း ပွဲထွက်အဖြစ်အသုံးပြုဖွယ်ရှိနေသည်။

ထို့အပြင် ကစားကွက်ကို ပြောင်းလဲအသုံးပြုရန်စီစဉ်နေပြီး ၄-၄- ၁-၁ပုံစံမှ မက်ဆီ၊ အဂွဲရိုး၊ ပါဗွန်တို့ (၃)ဦးပါဝင်မည့် ၃-၄-၃ ပုံစံဖြင့် ပွဲထွက်ဖွယ်ရှိကြောင်းလည်း သိရသည်။

သို့ရာတွင် အသင်းပရိသတ်များက ပွဲထွက် အသုံးပြုရန်မျှော်လင့်နေသည့် နောက်ခံလူ ဖာဇီယို၊ တိုက်စစ်မှူးများဖြစ်သည့် ဟီဂါွအင်နှင့် ဒီဘားလားတို့မှာ လာမည့်ပွဲတွင်လည်း အရန်စာရင်း၌သာ ပွဲဝင်ရဖွယ်ရှိနေသည်။

Most Read

Most Recent