အုပ်စု(H)အဖွင့်ပွဲစဉ်တွင် ဂျပန်အသင်း နာမည်ကြီး ကိုလံဘီယာကိုအနိုင်ယူ

အုပ်စု(H)အဖွင့်ပွဲစဉ်တွင် ဂျပန်အသင်း နာမည်ကြီး ကိုလံဘီယာကိုအနိုင်ယူ
Published 20 June 2018

Photos:AFP

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(H)၏အဖွင့်ပွဲစဉ်တွင် ဂျပန်အသင်းက နာမည်ကြီး ကိုလံဘီယာအသင်းကို (၂-၁)ဂိုးဖြင့် မထင်မှတ်ဘဲ အနိုင်ကစားသွားနိုင်ခဲ့သည်။

ပွဲအစ(၂)မိနစ်ကျော်ကတည်းက ဂိုးဧရိယာထဲ လက်ဖြင့်တားခဲ့သည့် ကိုလံဘီယာကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ရကာ ပယ်နယ်တီပါပေးခဲ့ရပြီး ယင်းပယ်နယ်တီကို ကာဂါဝါက အပိုင်ကန်သွင်းယူကာ ဦးဆောင်ခဲ့သည်။

(၃၉)မိနစ်တွင် ကိုလံဘီယာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ကင်တယ်ရို၏ဖရီးကစ်အနိမ့်ကန်ချက်က ဂိုးစည်းကိုကျော်သွားသဖြင့် ဂိုးရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် တစ်ယောက်အသာရထားသည့် ဂျပန်အသင်း ကစားပုံပိုကောင်းခဲ့ပြီး အနိုင်ဂိုးကို (၇၃)မိနစ်တွင် အိုဆာကိုက ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းသွားခဲ့ခြင်းဖြစ်သည်။

(၂)မိနစ်၊ (၅၆)စက္ကန့်တွင် ပြသခံရသည့် ကားလို့စ်ဆန်းချက်ဇ်၏အနီကတ်မှာ ၁၉၈၆ ကမ္ဘာ့ဖလား ဥရုဂွေး-စကော့တလန်ပွဲတွင် ဥရုဂွေးကစားသမား ဘာတစ္စတာ (၅၄)စက္ကန့်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ကမ္ဘာ့ဖလားသမိုင်း၏ ဒုတိယအမြန်ဆုံးအနီကတ်ဖြစ်ခဲ့သည်။

ဂျပန်ဂိုးသမား ကာဝါရှီးမားသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျပန်အသင်း၏အသက်အကြီးဆုံးကစားသမားအဖြစ် (၃၅)နှစ်၊ (၉၁)ရက်ဖြင့် စံချိန်တင်ခဲ့သည်။

ဂျပန်အသင်းသည် ကိုလံဘီယာနှင့် သမိုင်းတစ်လျှောက်တွေ့ဆုံမှု(၄)ကြိမ်တွင် ပထမဆုံးနိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ယခုကမ္ဘာ့ဖလားတွင် ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ဂိုးသွင်းယူမှုမှာ (၄)ဂိုးအထိရှိလာပြီး ၂၀၁၄ ပြိုင်ပွဲတစ်ခုလုံးတွင်မူ (၃)ဂိုးသာသွင်းယူခဲ့သည်။

Most Read

Most Recent