အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီကို မာရာဒိုနာ သတိပေး

အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီကို မာရာဒိုနာ သတိပေး
Published 18 June 2018

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက အိုက်စလန်အသင်းနှင့် အုပ်စုအဖွင့်ပွဲတွင် (၁)ဂိုးစီသရေကျပြီးနောက် အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီအား သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

'' ဒီပုံစံအတိုင်းသာ ဆက်ကစားနေရင် သူ အာဂျင်တီးနားကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ အိုက်စလန်နဲ့ပွဲက အရှက်ရစရာပါပဲ။ ပျမ်းမျှ(၁.၉၀)မီတာမြင့်တဲ့ အသင်းနဲ့တွေ့ဆုံမှုမှာ ကောင်းစွာမပြင်ဆင်ခဲ့တာ သိသာပါတယ်'' ဟု မာရာဒိုနာက ဗင်နီဇွဲလားရုပ်သံတစ်ခုသို့ ပြောကြားခဲ့သည်။

သို့သော် မာရာဒိုနာက ယင်းပွဲစွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ကစားသမားကို အပြစ်တင်မည်မဟုတ်ဟုလည်း ဆိုခဲ့သည်။

'' ကျွန်တော် ကစားသမားတွေကို အပြစ်မတင်ပါဘူး။ လုပ်အားနှုန်းကိုတော့ ဝေဖန်လိုပါတယ်။ မက်ဆီကိုလည်း အပြစ်မတင်ချင်ပါဘူး။ သူမှာရှိတဲ့အရာအားလုံး ပေးဆပ်ခဲ့တာပါ။ ကျွန်တော်လည်း လက်ရွေးစင်အသင်းမှာ ပယ်နယ်တီ(၅)ကြိမ်လောက် လွဲခဲ့တယ်။ ဒါပေမဲ့ ဒီယေဂိုအာမန်ဒိုမာရာဒိုနာဆိုတဲ့ နာမည်က ထင်ကျန်နေတုန်းပဲ။ မက်ဆီနဲ့ပယ်နယ်တီလွဲလို့ (၂)မှတ်ဆုံးရှုံးရတယ်လို့ ကျွန်တော် မထင်ပါဘူး''ဟု မာရာဒိုနာက သုံးသပ်ခဲ့သည်။

အာဂျင်တီးနားအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ခရိုအေးရှားအသင်းနှင့် ဇွန်(၂၁)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent