ဂရစ်ဇ်မန်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဝေဖန်ခံနေရခြင်းအတွက် ပီကေး တုံ့ပြန်

ဂရစ်ဇ်မန်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဝေဖန်ခံနေရခြင်းအတွက် ပီကေး တုံ့ပြန်
Published 17 June 2018

 

Photo: AFP

 

ဘာစီလိုနာအသင်း၏ စပိန်လက်ရွေး စင်နောက်ခံလူ ပီကေးသည် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်း အက်သလက်တီကိုအသင်း၌သာဆက်နေရန် ဆုံးဖြတ်ခဲ့ ခြင်းနှင့်ပတ်သက်၍ ၎င်းအားဝေဖန်နေမှုများကို ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ယခုနွေရာသီတွင် ဘာစီလိုနာအသင်းသို့ စာချုပ်လျော်ကြေး ယူရိုသန်း (၁၀၀) ဖြင့် ပြောင်းရွှေ့ရန် နီးစပ်ခဲ့သည့် ဂရစ်ဇ်မန်းသည် အက်သလက်တီကို၌သာ ဆက်ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဇွန် (၁၄) ရက်က "The Decision" ဟု အမည်ပေးထားသည့် မှတ်တမ်းဗီဒီယိုမှတစ်ဆင့် အသိပေးပြောကြားလိုက်သည်။

ယင်းဗီဒီယိုအား ရိုက်ကူးထုတ်လုပ်သည့် ကုမ္ပဏီမှာ ပီကေးပိုင်ဆိုင်သည့် Kosmos Studios ဖြစ်သောကြောင့် ဘာစီလိုနာအခြေစိုက် Sport ၊ Mundo Deportivo စသည့် သတင်းစာများက ၎င်းအနေဖြင့် ဆုံး ဖြတ်ချက်အား ကြိုတင်သိထားပြီးဖြစ်သော်လည်း ဘာစီလိုနာအသင်းထံ အသိပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ အသင်းအပေါ်ထားရှိသည့် ၎င်းင်း၏သစ္စာစောင့်သိမှုမှာလည်း သံသယဖြစ်ဖွယ်ရှိကြောင်း ရေးသားဖော်ပြခဲ့ကြ သည်။

သို့ဖြစ်ရာ ပီကေးက "ဘာစီလိုနာမှာ ဖြစ်ပျက်နေတဲ့ကိစ္စအတွက် ကျွန်တော်လည်း အံ့အားသင့်မိပါတယ်။ ဒီကိစ္စမှာ ကျွန်တော် ပါဝင်နေတယ်ဆိုတာနဲ့ အသင်းပေါ်သစ္စာရှိမှု က သံသယဖြစ်စရာကောင်းတယ်ဆိုပြီးပြော နေကြတာကို အံ့သြမိတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ (ဘာတိုမူ) နဲ့ ပြောပြီးပါပြီ။ အားလုံးအဆင်ပြေပါတယ်။ သူလည်း ခေါ်ယူ နိုင်မယ်လို့ ထင်ထားတော့ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်နေတယ်။ ဂရစ်ဇ်မန်းက သူ ဘာစီလိုနာကိုလာဖို့ အခွင့်အရေးရှိနေပြီး ဘာလုပ်ရမလဲမသိသေးဘူးလို့ ပြီးခဲ့တဲ့လတွေကတည်းက ပြောခဲ့တာပါ။ ဒါကြောင့် မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကျွန်တော်က ကမ်းလှမ်းပြီး တခြားလူတွေက သွားရိုက်ခဲ့တာပါ။ ဒီကို ရောက်နေတဲ့အချိန် ဘာအဆက်အသွယ်မှ မရှိပါဘူး" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ပီကေးသည် ပြီးခဲ့သည့်နှစ်နွေရာသီတွင်လည်း ဘာစီလိုနာအသင်းမှ နေမာ ထွက်ခွာမည့်အကြောင်း ကြိုတင်သိထားသည်ဟု ပြောကြားဖူးသဖြင့် ဝေဖန်မှုများ ခံခဲ့ရကြောင်း သိရသည်။

 

 

Most Read

Most Recent