ပေါလ်ဆင်ရဲ့ဂိုးနဲ့ ပီရူးကိုအနိုင်ယူခဲ့တဲ့ ဒိန်းမတ်

ပေါလ်ဆင်ရဲ့ဂိုးနဲ့ ပီရူးကိုအနိုင်ယူခဲ့တဲ့ ဒိန်းမတ်
Published 17 June 2018

Photo: Reuters

■ ပီရူး ဝ-၁ ဒိန်းမတ်

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု (C)ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ပီရူးအသင်းနဲ့ ဒိန်းမတ်အသင်းတို့ပွဲစဉ်မှာတော့ ဒိန်းမတ်အသင်းက ကွင်းလယ်လူ ပေါလ်ဆင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

နောက်တစ်ဆင့်အတွက် ပြိုင်ဘက်တွေဖြစ်လာနိုင်တဲ့ သြစတြေးလျအသင်းရှုံးနိမ့်ထားသလို အခုပီရူးကိုနိုင်ခဲ့တာကြောင့် ဒိန်းမတ်အတွက်တော့ အဖိုးတန်နိုင်ပွဲလို့ပဲဆိုရမှာပါ။

ဒိန်းမတ်အသင်းဟာ ပြိုင်ဘက်အသင်းကိုအသာစီးရဖို့အတွက် ဂိုးသမားရှမိုက်ကယ်လ်၊ နောက်ခံလူ ဆိုင်မွန်ကိုင်ဂျာ၊ ခရစ္စတန်ဆင်၊ ကွင်းလယ်မှာ ဒီလာနေး၊ အဲရစ်ဆင်၊ ဂျော်ဂျင်ဆန်၊ ပေါလ်ဆင်၊ ဆစ္စတိုတို့လို အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်စေခဲ့ပါတယ်။

ပီရူးအသင်းကလည်း အဓိကတိုက်စစ်မှူး ဂွါရဲရိုးကို အရန်ခုံမှာသာထားခဲ့ပြီး ဖာဖန်ကိုအထောင်ထားကာ ဖလောရက်စ်၊ ကျူဗာတို့လို ကစားသမားတွေနဲ့ တောင်အမေရိကအသင်းပီပီ မာမာထန်ထန်နဲ့တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒိန်းမတ်အသင်းပွဲစကတည်းက အဲရစ်ဆင်ဦးဆောင်တဲ့ ကွင်းလယ်လုပ်အားနှုန်းနဲ့ ဖိကစားဖို့ကြိုးစားခဲ့ပေမယ့် တကယ်တမ်းအခွင့်အရေးပိုရခဲ့တာက ပီရူးအသင်းပါ။ ပွဲစကတည်းက ဒိန်းမတ်အသင်းကို ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးကန်သွင်းချက်တွေရှိခဲ့ပေမယ့် ရှမိုက်ကယ်လ်ကိုမကျော်နိုင်ခဲ့ပါဘူး။

ပီရူးအသင်းအတွက် ပွဲအလှည့်အပြောင်းဖြစ်ခဲ့တာက ပထမပိုင်းပြီးလို့ နာကျင်အချိန်ပိုမှာ ရခဲ့တဲ့ပယ်နယ်တီကို ကျူဗာဝင်အောင် မကန်သွင်းနိုင်ခဲ့တာပါ။ ဒီပွဲလည်း ပီရူးအသင်းဘက်ကို ပယ်နယ်တီသတ်မှတ်ပေးဖို့အတွက် ပြင်သစ်အသင်းရဲ့ ပွဲစဉ်ကလိုပဲ VAR ရဲ့အကူအညီကိုယူခဲ့ရပါတယ်။ ဒါပေမဲ့ ကျူဗာက ပယ်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် ပီရူးအသင်းအတွက် နစ်နာခဲ့တယ်လို့ပဲဆိုရမှာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ ဒိန်းမတ်အသင်း ပိုဖိဖိစီးစီးကစားခဲ့ပြီး အထူးသဖြင့် ကွင်းလယ်ပိုင်းကို အသာစီးရဖို့ကြိုးစားလာပါတယ်။

ပွဲချိန် (၅၉)မိနစ်မှာတော့ ဒိန်းမတ်အသင်းအဖွင့်ဂိုးရသွားခဲ့ပြီး အဲရစ်ဆင်ရဲ့ဖန်တီးပေးမှုကို ပေါလ်ဆင်က ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွားယူသွားခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက် ပီရူးအသင်း ဆက်တိုက်ဆိုသလို ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်လ်က အကောင်းဆုံးလက်စွမ်းပြခဲ့လို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာတော့ ပီရူးအသင်းဟာ ဂွါရဲရိုး၊ ရူဒီယက်ဇ်တို့ကို ထည့်ကာတိုက်စစ်အပြောင်းအလဲလုပ်ပြီး ချေပဂိုးအတွက်ကြိုးပမ်းခဲ့ပေမယ့် ဒိန်းမတ်အသင်းကပဲ အနိုင်ဂိုးကိုထိန်းကစားကာ (၁-ဝ)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဒိန်းမတ်အသင်းရဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မျှော်လင့်ချက်ပိုမိုအားကောင်းလာပြီး အုပ်စု (C)ရဲ့ ဒုတိယပွဲစဉ်အဖြစ် လာမယ့် ဇွန်လ (၂၁)ရက်နေ့မှာ ဒိန်းမတ် - သြစတြေးလျ၊ ပြင်သစ် - ပီရူးတို့ ယှဉ်ပြိုင်ကစားကြမှာပါ။

Most Read

Most Recent