ပေ့ါဘာရဲ့ ဂိုးနဲ့ အနိုင် (၃)မှတ်ရယူခဲ့တဲ့ ပြင်သစ်

ပေ့ါဘာရဲ့ ဂိုးနဲ့ အနိုင် (၃)မှတ်ရယူခဲ့တဲ့ ပြင်သစ်
Published 17 June 2018

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် ပြင်သစ်အသင်းသားများ Photo:AFP

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု(C)ရဲ့အဖွင့်ပွဲစဉ်အဖြစ် နာမည်ကြီး ပြင်သစ်အသင်းနဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပြင်သစ်အသင်းကတော့ ချန်ပီယံဆုအတွက် ရေပန်းစားတဲ့အသင်းပီပီ အုပ်စုအဖွင့်ပွဲမှာ နိုင်ပွဲရဖို့ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာလိုရစ်၊ ခံစစ်မှာ ပါဗတ်၊ အမ်တီတီ၊ ဗာရန်း၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ကွင်းလယ်မှာ ပေါ့ဘာ၊ ကွန်တေ၊ တိုလစ်ဆိုနဲ့ တိုက်စစ်မှာ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်းနဲ့ ဘာပေ တို့ကိုတွဲဖက်ကစားစေခဲ့ပါတယ်။ သြစတြေးလျအသင်းကတော့ သူတို့အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဂိုးသမားရိုင်ယန်၊ ကွင်းလယ်မှာ အာရွန်မွိုင်းနဲ့ ယယ်ဒီနက်တို့ကို အခြေပြုကာ (၄-၄-၁-၁-) ပုံစံနဲ့ ပြင်သစ်အသင်းကိုပြန် လည်တုံ့ပြန်ခဲ့ပါတယ်။

ပွဲအစကတည်းက ပြင်သစ်အသင်း ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ကစားကွက်တည်မရခဲ့ဘဲ သြစတြေးလျအသင်းက မာမာထန်ထန်ကစားပြီး ပြင်သစ်အသင်းကို ကစားကွက်ဖျက်ဖို့ကြိုးစားခဲ့တာပါ။ ဘာပေ၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်းတို့ရဲ့ တိုက်စစ်ပိုင်းကလည်း သြစတြေးလျခံစစ်ကိုထိုးဖောက်ရာမှာ အခက်တွေ့နေပြီးအသင်းလိုက်ကစားဖို့ထက်တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့သာထိုး ဖောက်ဖို့ကြိုးစားနေတာကြောင့် အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။ ပွဲအစမှာပဲ ဘာပေဂိုးကန်သွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် ဂိုးသမားရိုင်ယန်ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ သြစတြေးလျအသင်းက ထိုးဖောက်မှုတစ်ကြိမ်ကို ဂိုးသမားလိုရစ်ကာကွယ်နိုင်ခဲ့လို့လည်း ပြင်သစ်အသင်းသက်သာရာရခဲ့တာပါ။

အနိုင်ဂိုးရှင်ပေါ့ဘာနဲ့အတူ အောင်ပွဲခံနေသည့် ပြင်သစ်အသင်းသားများ Photo:AFP

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့လို့ ပွဲချိန်ဒုတိယပိုင်းမှာတော့ ပြင်သစ်အသင်းပိုမိုဖိဖိစီးစီးကစားလာခဲ့ပြီး ပွဲချိန် (၅၈)မိနစ်မှာတော့ ပွဲရဲ့အလှည့်အပြောင်းအဖြစ် ပယ်နယ်တီရခဲ့ပါတယ်။ ဂရစ်ဇ်မန်းရဲ့ ထိုးဖောက်မှုကို သြစတြေးလျနောက်ခံလူ ရစ်ဒန်တားဆီးရာမှာ ပယ်နယ်တီစည်းအတွင်း လဲကျခဲ့တာကြောင့် VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီးမှ ပယ်နယ်တီအဖြစ်သတ်မှတ်ခဲ့တာပါ။ ဒီပယ်နယ်တီကို ဂရစ်ဇ်မန်းကိုယ်တိုင် အပြင်းကန်သွင်းယူပြီး ပြင်သစ်အသင်းအတွက် အဖွင့်ဂိုးရစေခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် သြစတြေးလျအသင်းကလည်း ချေပဂိုးရဖို့ပြန်လည်ကစားခဲ့တာကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲချိန် (၆၂)မိနစ်မှာတော့ သြစတြေးလျအသင်းရဲ့ ဖြတ်တင်ဘောကို ပြင်သစ်နောက်ခံလူ အမ်တီတီတားဆီးရာမှာ လက်ဆန့်ထုတ်ခဲ့တာကြောင့် ပယ်နယ်တီသတ်မှတ်ပေးခဲ့ပြီး အသင်းခေါင်းဆောင် ယယ်ဒီနက်က သြစတြေးလျအသင်းအတွက် ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးချိန်မှာတော့ ပြင်သစ်အသင်းတို့ အနိုင်ရလဒ်အတွက် ကစားကွက်အပြောင်းအလဲလုပ်ခဲ့ပြီး မိနစ် (၇၀)မှာတော့ ဒမ်ဘီလီနဲ့ ဂရစ်ဇ်မန်းနေရာမှာ၊ ဖယ်ကီယာနဲ့ ဂျရူးတို့ကို ထည့်သွင်းကစားကာ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒက်ချမ့်စ်ရဲ့ နည်းဗျူဟာအပြောင်းအလဲက မှန်ကန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ပွဲချိန်မိနစ် (၈၀)မှာတော့ ဂျရူးရဲ့ ပေးပို့မှုကနေ ကွင်းလယ်လူပေါ့ဘာက လှလှပပကန်သွင်းပြီး အနိုင်ဂိုးရယူပေးခဲ့ပါတယ်။ ဒီဂိုးကလည်း ဂိုးစည်းထဲဝင်ပြီးမှ ပြန်ထွက်လာခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ချက်ချင်းဆိုသလို ဂိုးအဖြစ်သတ်မှတ်လိုက်ပါတယ်။

ပြင်သစ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည့် ပေါ့ဘာ Photo:AFP

လက်ကျန်မိနစ်မှာတော့ သြစတြေးလျအသင်းချေပဂိုးရဖို့ ကြိုးစားပေမယ့် ပြင်သစ်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် (၂-၁) ဂိုးရလဒ်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။ ဒီအနိုင်ရလဒ်ကြောင့် ပြင်သစ်အသင်းဟာ အုပ်စု (C)ရဲ့ ပထမပွဲစဉ်အပြီး ရမှတ် (၃)မှတ်နဲ့ ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။