၂၀၁၈ကမ္ဘာ့ဖလားရဲ့ပထမဆုံး OGဂိုးနဲ့ အနိုင်ရခဲ့တဲ့ အီရန်

၂၀၁၈ကမ္ဘာ့ဖလားရဲ့ပထမဆုံး OGဂိုးနဲ့ အနိုင်ရခဲ့တဲ့ အီရန်
Published 16 June 2018

Photo: AFP

အုပ်စု(B)ရဲ့ပထမဆုံးပွဲစဉ်မှာ ကားလို့စ်ကွီးရော့ဇ်ရဲ့ အီရန်ဟာ လူစားဝင်လာတဲ့ မော်ရိုကိုအသင်းတိုက်စစ်မှူး ဘူဟတ်ဒူရဲ့နောက်ကျ OG ဂိုးကြောင့် ကံကောင်းထောက်မစွာ အနိုင်ရခဲ့ပါတယ်။ မော်ရိုကိုအသင်းဟာ (၄-၂-၃-၁)ပုံစံနဲ့ပွဲထွက်ခဲ့ပြီး
နောက်တန်းမှာ အသင်းခေါင်းဆောင် ဘီနာတီယာ၊ ရီးယဲလ်အသင်းနောက်ခံလူ ဟာကီမီ၊ ကွင်းလယ်မှာ ဘယ်လ်ဟန်ဒါ၊ အမာတီတို့ပါဝင်ခဲ့ပြီး တိုက်စစ်မှာတော့ ဝါရင့်တိုက်စစ်မှူး အမ်မရာဘတ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အီရန်အသင်းကတော့ (၄-၁-၄-၁) ပုံစံနဲ့ပွဲထွက်ခဲ့ပြီး ပူရာလီဂန်ဂျီ၊ ချက်ရှမီ၊ အန်ဆာရီဖတ်၊ဂျာဟန်းဘတ်ရှ်၊ အက်ဇ်မွန် စတဲ့အသင်းရဲ့အဓိကကစားသမားတွေနဲ့ပွဲထွက်ခဲ့ ပေမယ့် မော်ရိုကိုအသင်းကို ခြေစွမ်းချင်းမယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းမှာ မော်ရိုကိုအသင်းက တစ်ဖက်သတ်ဖိအားပေးကစား နိုင်ခဲ့ပေမယ့် ဂိုးရနိုင်ခွင့်တွေကိုတော့ တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့ပါတယ်။ အီရန်ကတော့ ခံစစ်ကိုသာ အားပြုကစားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ မော်ရိုကိုအသင်းဘက်ကို ဖိအားပေးနိုင်ဖို့သာ ပြင်ဆင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မော်ရိုကိုအသင်းကပဲ တိုက်စစ်ကိုဦးဆောင်ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေရခဲ့ပေမယ့် အဆုံးသတ်ကတော့ အား နည်းခဲ့ပါတယ်။ အီရန်နည်းပြ ကွီးရော့ဇ်ဟာ ဒုတိယပိုင်းမှာတော့ ကစားသမားအပြောင်းအလဲတချို့ပြုလုပ်ခဲ့ပြီး မော်ရိုကိုအသင်းခံစစ်ကိုဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးဆောင်ဂိုးရဖို့တော့ ရုန်းကန်ခဲ့ပါတယ်။ နှစ်သင်းစလုံး အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် မိနစ် (၉၀)အထိ ဂိုးမရှိသရေသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ထပ်ဆောင်းအချိန်ပို (၆)မိနစ်သတ်မှတ်ပေးခဲ့ရမှာ (၅)မိနစ်အရောက်မှာတော့ အီရန်အသင်း အဖိုးတန်အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကို မော်ရိုကိုအသင်းတိုက်စစ်မှူး ဘူဟတ်ဒူက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲရဲ့ပထမဆုံး OG ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် အီရန်ဟာ ပေါ်တူဂီ-စပိန်ပွဲမတိုင်မီ အုပ်စု(B)ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

Most Read

Most Recent