ဘောလုံးကွင်းထဲသို့ နိုင်ဂျီးရီးယားပရိသတ်များ " ကြက်'' ယူဆောင်လာခြင်းကို တားမြစ်ပိတ်ပင်

ဘောလုံးကွင်းထဲသို့ နိုင်ဂျီးရီးယားပရိသတ်များ " ကြက်'' ယူဆောင်လာခြင်းကို တားမြစ်ပိတ်ပင်
Published 16 June 2018

ရုရှားအစိုးရအာဏာပိုင်များသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ဂျီးရီးယားအသင်း၏ပရိသတ်များအား ကွင်းထဲသို့ '' ကြက်"ယူဆောင် လာခြင်းကို တားမြစ်ပိတ်ပစ်လိုက်ကြောင်း သိရသည်။

Photo: TWITTER

နိုင်ဂျီးရီးယားပရိသတ်များသည် ကွင်းထဲသို့  ကြက်အရှင်များယူဆောင်လေ့ရှိပြီး ယင်းသို့ပြုလုပ်ခြင်းမှာ အသင်းအတွက် ကံကောင်းစေသည်ဟု ယုံကြည်ထားကြသည်။ သို့ဖြစ်ရာ နိုင်ဂျီးရီးယားပရိသတ်များအား ဇွန်(၁၆)ရက် (မနက်ဖြန်ည)တွင်ကစားမည့် ခရိုအေးရှားအသင်းနှင့်အုပ်စုအဖွင့်ပွဲစဉ်မတိုင်မီ ယခုကဲသို့တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Photo: Getty Images

'' နိုင်ဂျီးရီးယားပရိသတ်တွေက ဘောလုံးကွင်းထဲကို ကြက်တစ်ကောင်ယူဆောင်ပြီး ဝင်ရောက်အားပေးခွင့်ရှိမလားလို့ မေးမယ်ဆိုရင် ကျွန်တော်တို့ကတော့ အဲဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ ပြန်ဖြေရမှာပါ" ဟု ယင်းပွဲကစားမည့် ကာလင်နင်ဂရက်မြို့မှ ယဉ်ကျေးမှုဝန်ကြီး အန်ဒရီအာမက်ခ်က ရုရှားရုပ်သံတစ်ခုသို့ အတည်ပြုပြောကြားခဲ့သည်။ သို့ရာတွင် နိုင်ဂျီးရီးယားပရိသတ်များအနေဖြင့် ခွင့်ပြုထားသည့်နေရာများတွင်မူ ကြက်များကိုယူဆောင်အားပေးနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Photo: Getty Images

နိုင်ဂျီးရီးယားအသင်းသည် ယခုနှစ်ပြိုင်ပွဲကိုအသင်းသမိုင်းတစ်လျှောက် (၆) ကြိမ်မြောက်အဖြစ်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် (၁၆)သင်းရှုံးထွက်အဆင့်အထိသာ ရောက်ရှိခဲ့ဖူးသည်။ နိုင်ဂျီးရီးယားအသင်းသည် ခရိုအေးရှားအသင်းနှင့်ကစားပြီး နောက် ဇွန် (၂၂)ရက်တွင် အိုက်စလန်၊ ဇွန် (၂၆)ရက်တွင် အာဂျင်တီးနားအသင်းတို့နှင့် အုပ်စုပွဲစဉ်များဆက်တိုက် ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent