ဟီမင်နက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ အီဂျစ်ကိုနိုင်ခဲ့တဲ့ ဥရုဂွေး

ဟီမင်နက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ အီဂျစ်ကိုနိုင်ခဲ့တဲ့ ဥရုဂွေး
Published 16 June 2018

Photo:AFP

■ အီဂျစ် ဝ-၁ ဥရုဂွေး

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (A)ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ အီဂျစ်-ဥရုဂွေးပွဲစဉ်ကို ယနေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီခွဲအချိန်မှာ ကစားသွားခဲ့ပါတယ်။

အီဂျစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်ကစားသမား ဆာလာမပါဝင်နိုင်ခဲ့ဘဲ အာဆင်နယ်ကွင်းလယ်လူ အယ်လ်နန်နီ၊ ဝက်စ်ဘရွန်းနောက်ခံလူ ဟီဂါဇီ စတဲ့ အမာခံကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။

ဥရုဂွေးအသင်းမှာကတော့ ကာဗာနီ၊ ဆွာရက်ဇ် စတဲ့ အဓိက တိုက်စစ်မှူးတွေအပြင် ဂိုဒင်၊ ဟီမင်နက်ဇ်၊ ကာဆာရက်စ် စတဲ့ အမာခံကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဥရုဂွေးဟာ ပွဲစကတည်းက ဂိုးရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းက ဆွာရက်ဇ်နဲ့ ကာဗာနီတို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အီဂျစ်ကတော့ ခံစစ် ကျစ်ကျစ်လစ်လစ်နဲ့ ပိတ်ကစားသွားခဲ့ပြီး တန်ပြန် တိုက်စစ်တွေကနေ ဥရုဂွေးအသင်းကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ဆာလာမပါတာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။

ပထမပိုင်းမှာ ဥရုဂွေးအသင်းဟာ ဂိုးပေါက်ကန်သွင်းချက် (၅)ကြိမ်အထိ ရှိခဲ့သလို၊ (၂၃)မိနစ်မှာ ထောင့်ကန်ဘောကနေ ဆွာရက်ဇ် အနီးကပ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ဘဲ ဂိုးဘေးက ကပ်ထွက်ခဲ့လို့ ဥရုဂွေးတို့ စောစောစီးစီး ဂိုးမရခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး (၁)မိနစ်အကြာမှာပဲ ကာဗာနီရဲ့ ပေးပို့မှုကနေ ဧရိယာထဲမှာ ဆွာရက်ဇ် အပိုင်အခွင့်အရေးထပ်ရခဲ့ပေမယ့် အီဂျစ်ဂိုးသမား အယ်လ်ရှီနာဝီ က ကာကွယ်နိုင်ခဲ့သလို၊ မိနစ် (၇၀)ကျော်ဝန်းကျင်မှာလည်း ဆွာရက်ဇ်ကပဲ အပိုင်အခွင့်အရေး ထပ်မံရရှိခဲ့ပေမယ့် အီဂျစ်ဂိုးသမားကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် ကာဗာနီရဲ့ ဂိုးဧရိယာထိပ်နားက ကန်သွင်းမှုကို အီဂျစ်ဂိုးသမားကာကွယ်နိုင်ခဲ့သလို၊ ကာဗာနီရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းမှုကလည်း တိုင်ထိထွက်ခဲ့ပါတယ်။

အီဂျစ်အသင်းက တန်ပြန်တိုက်စစ်ကိုပဲ အားကိုးကစားသွားခဲ့ပြီး အပိုင်ဂိုးကန်သွင်းခွင့်တွေတော့ မရရှိခဲ့ပါဘူး။

ဥရုဂွေးအသင်းရဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် (၉၀)မှ ရရှိခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ဘောမှတစ်ဆင့် ဆန်းချက်ဇ်ရဲ့ပေးပို့မှုကို အက်သလက်တီကို နောက်ခံလူ ဟီမင်နက်ဇ်က ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

Most Read

Most Recent