ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ ဘီလီယံသုံးစွဲခဲ့ခြင်းကို ရုရှားအတိုက်အခံခေါင်းဆောင် ဝေဖန်

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ ဘီလီယံသုံးစွဲခဲ့ခြင်းကို ရုရှားအတိုက်အခံခေါင်းဆောင် ဝေဖန်
Published 16 June 2018

Photo: AFP

ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မစတင်မီ ဇွန် ၁၄ ရက်နံနက်ပိုင်းတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရုရှားအတိုက်အခံခေါင်းဆောင် အဲလစ်ဆီနာဗယ်လ်ညီက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၁၄ ဘီလီယံအထိ သုံးစွဲခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောကြားသည်။

နာဗယ်လ်ညီ (၄၁ နှစ်) သည် သမ္မတပူတင်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲပြုလုပ်ရန်ဦးဆောင်မှုကြောင့် ထောင်ဒဏ်ခုနစ်လကြာ ချမှတ်ခံရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့်ရက်တွင် ပြန်လည်လွတ် မြောက်လာခြင်းဖြစ်သည်။ ရုရှားနှင့် ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဖွင့်ပွဲအပြီးတွင် နာဗယ်လ်ညီက ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသုံးစရိတ်မူလခန့်မှန်းချက်ထက် များစွာကုန်ကျခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောကြားသည်။ " ဒီဘောလုံးပွဲတော်ကို ရုရှားမှာကျင်းပခွင့်ရတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်နားမလည်နိုင်တာက ကုန်ကျစရိတ်က ဘာကြောင့် ဒေါ်လာ ၁၄ ဘီလီယံ ဖြစ်သွားလဲ ဆိုတာပါပဲ။ ပြီးခဲ့တဲ့နှစ်တွေမှာ တွက်ချက်တုန်းက ရူဘယ်လ် (ရုရှားနိုင်ငံသုံးငွေ) နဲ့ ဒေါ်လာဖလှယ်မှုအရ ခန့်မှန်းခြေကုန်ကျစရိတ်က ဒေါ်လာ ၁၃.၂ ဘီလီယံပါပဲ။ ကျွန်တော်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ငွေကြေးပမာဏနဲ့ပဲ ကျင်းပချင်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။

Photo: AFP

ထို့ပြင် နာဗယ်လ်ညီက ပူတင်နှင့်နီးစပ်မှုရှိသည့် အော်လီဂါ (ခရိုနီကဲ့သို့) များသည် အားကစားကွင်းနှင့် လေဆိပ်တည်ဆောက်မှုလုပ်ငန်းများမှတစ်ဆင့် ကြွယ်ဝချမ်းသာလာကြောင်း ဆက်လက်ပြောကြားသည်။ '' ရိုတန်ဘက်တွေ (ဘီလျံနာညီအစ်ကို) နဲ့ တင်ချန်ကိုတို့က ရူဘယ်လ်ဘီလီယံ ဆယ်ဂဏန်းနဲ့ချီပြီးရခဲ့ကြတယ်။ ကျွန်တော်က ဒါတွေဟာ လုပ်ငန်းတွေကနေ ရလာတာပါလို့ပြောရင် ခင်ဗျားကတော့ ခိုးထားတယ်လို့ပဲ နားလည်မှာပါ။ အဲဒီလူတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေပြီး အံ့အားသင့်စရာကောင်းလောက်အောင် ချမ်းသာကြွယ်ဝလာတယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်းနားလည်ထားပြီးသားပါ''  ဟု ၎င်းက ဆိုသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရထားသည့် ရုရှားအစိုးရသည် အားကစားကွင်း (၁၂ )ကွင်းအနက် (၃)ကွင်းကို ပြန်လည်ပြင်ဆင်၍ (၉) ကွင်းကိုအသစ်တည်ဆောက်ထားပြီး အားကစားကင်း များအတွက် အသုံးစရိတ်သီးသန့်မှာ ဒေါ်လာ ၁၁. ၈ ဘီလီယံရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent