အဖွင့်ပွဲမှာ အိမ်ရှင်ရုရှားအသင်း တိုက်စစ်ခြေစွမ်းပြပြီး (၃)မှတ်ရယူခဲ့

အဖွင့်ပွဲမှာ အိမ်ရှင်ရုရှားအသင်း တိုက်စစ်ခြေစွမ်းပြပြီး (၃)မှတ်ရယူခဲ့
Published 15 June 2018

Photo: AFP

■ ရုရှား ၅-၀ ဆော်ဒီအာရေဗျ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ရုရှားအသင်းနဲ့ ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ ရုရှားအသင်းက တိုက်စစ်ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲရယူခဲ့ပါတယ်။

လက်ရှိကမ္ဘာ့အဆင့်အနိမ့်ဆုံးနှစ်သင်း ဆုံတွေ့မှုဖြစ်ပေမယ့် အိမ်ရှင်အသင်းရဲ့ကစားပုံက ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်ခဲ့သလို၊ သွင်းဂိုးများစွာ မြင်တွေ့ခဲ့ရတာကြောင့်လည်း ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

Photo: AP

ရုရှားအသင်းက ပြည်တွင်းအခြေစိုက်ကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ပေမယ့် ပရိသတ်တွေနဲ့ မစိမ်းတဲ့ အကင်ဖိဗ်၊ ဇာကော့ဗ်၊ ဇာဂိုယက်ဗ်၊ ဂိုလော့ဗ်အင်၊ အစ်ဂ်နာရှီယက်ဗ်တို့ ဦးဆောင်ခဲ့ပြီး ဆော်ဒီအာရေဗျအသင်းကို ပွဲအစအဆုံး အသာစီးယူကစားသွားနိုင်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျအသင်းမှာတော့ ခြေစစ်ပွဲကာလမှာ ခြေစွမ်းပြခဲ့တဲ့ အယ်လ်ရှာလာဝီလောက်သာ သတိပြုစရာရှိခဲ့ပြီး ကစားကွက်မှာရော၊ တစ်ဦးချင်း တွန်းတွန်းတိုက်တိုက်ကစားနိုင်မှုမှာပါ ရုရှားအသင်းကို မယှဉ်နိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးခဲ့ရတာပါ။

Photo: AP

ရုရှားအသင်းအတွက် (၁၂)မိနစ်မှာ ဂါဇင်စကီးက အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၂၄)မိနစ်မှာ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဇာဂိုယက်ဗ် ဒဏ်ရာရလို့ လူစားလဲခဲ့ရပေမယ့် သူ့နေရာဝင်လာတဲ့ ဗီလာရီးယဲလ်ကစားသမား ချီရီရှက်ဗ်က ပိုပြီးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရုရှားအသင်းရဲ့တိုက်စစ်က ပိုထက်မြက်သွားခဲ့ပါတယ်။

ချီရီရှက်ဗ်က (၄၃)နဲ့ မိနစ်(၉၀)မှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဒီပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

ကျန်နှစ်ဂိုးကိုတော့ (၇၁)မိနစ်မှာ ဇီယူဘာနဲ့ နာကျင်အချိန်ပိုမှာ ဂိုလော့ဗ်အင်က ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Most Read

Most Recent