၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မသိသာသည့် လူကျွံအနေအထားများ၌ စည်းကြပ်ဒိုင်များ အလံထောင်မည်မဟုတ်ဟု ဖီဖာဒိုင်လူကြီးကော်မတီဥက္ကဋ္ဌ ကော်လီနာ ပြောကြား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မသိသာသည့် လူကျွံအနေအထားများ၌ စည်းကြပ်ဒိုင်များ အလံထောင်မည်မဟုတ်ဟု ဖီဖာဒိုင်လူကြီးကော်မတီဥက္ကဋ္ဌ ကော်လီနာ ပြောကြား
Published 13 June 2018

 

Photo: Guardian

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မသိသာသည့် လူကျွံအနေအထားများ၌ စည်းကြပ်ဒိုင်များအနေဖြင့် အလံမထောင်ကြရန် ညွှန်ကြားထားကြောင်း ဖီဖာဒိုင်လူကြီး ကော်မတီဥက္ကဋ္ဌ ကော်လီနာက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ မသိသာသည့် လူကျွံအနေအထားများ ဖြစ်လာလျှင် ဗီဒီယိုအကူဒိုင်စနစ် (VAR)ကို ကြည့်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ကော်လီနာက  မီဒီယာများကို ပြောကြားခဲ့သည်။

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားသည် VAR ကို အသုံးပြုသည့် ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်လာခဲ့ပြီး မသိသာသည့် လူကျွံအနေအထားများတွင် စည်းကြပ်ဒိုင်များက အလံထောင်လိုက်ခြင်းဖြင့် ပွဲအရှိန်ပျက်သွားစေ သည့်အတွက် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကော်လီနာက " ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ တစ်ချို့စည်းကြပ်ဒိုင်တွေ အလံမထောင်တာကို ခင်ဗျားကို မြင်ရမှာပါ။ ဒါဟာ သူတို့ အမှားကျူးလွန်တာမျိုး မဟုတ် ပါဘူး။ သူတို့ကို အဲလိုလုပ်ခိုင်းထားတဲ့ ညွှန်ကြားချက်တွေကို နာခံတာသာ ဖြစ်ပါတယ်။ မသိသာတဲ့ လူကျွံအနေအထားတွေမှာ အလံမထောင်ဖို့ သူတို့(စည်းကြပ်ဒိုင်)ကို ညွှန်ကြားထားပါတယ်။ အဲဒီလို အနေအထား တွေက ဂိုးသွင်းနိုင်တဲ့အနေအထားမျိုး ဖြစ်ပေမယ့် စည်းကြပ်ဒိုင် အလံထောင်လိုက်တာ နဲ့ ဘာမှ ဖြစ်မလာတော့ပါဘူး။ စည်းကြပ်ဒိုင်သာ အလံမထောင်ဘူးဆိုရင် နောက်ဆုံးမှာ ဂိုးရနိုင်ပါတယ်။ အဲဒီအခါကျမှ နည်းပညာ အကူအညီကို ရယူပြီး ဂိုးပေးသင့်၊ မသင့် ဆုံးဖြတ်လို့ ရပါတယ်" ဟု ဆိုခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် VAR နှင့် ပြန်လည်ပြသသည့် ပြကွက်များကို ပရိသတ်များပါ ကြည့်ရှုနိုင်အောင် ပြသသွားမည်ဖြစ်သည်။ ထို့ပြင် ပရိသတ်များကို မည့်သည့်အတွက်ကြောင့် ပြန်လည်သုံးသပ်ကြောင်း နှင့် ဘာကြောင့် ဆုံးဖြတ်ဆိုသည်ကိုပါ ရှင်းပြသွားမည်ဟုလည်း သိရသည်။ သို့သော် ဒိုင်လူကြီး ဆုံးဖြတ်နေစဉ်တွင် ပရိသတ်များ ကို ပြန်လည်ပြသသည့်ပြကွက်များကို ပြသမည်မဟုတ်သည့်အတွက် ဒိုင်လူကြီးက တစ်ပါးသူများလွှမ်းမိုးမှု မရှိဘဲ ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး ထို့နောက်တွင်မှ ပရိသတ်များကိုယင်းပြကွက်အား ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent