The Legends

Greatest football players in history

PELE

နိုင်ငံ - ဘရာဇီးလ်
မွေးသက္ကရာဇ် - ၂၁-၁၀-၁၉၄၀
ကစားသည့်နေရာ - ရှေ့တန်း
ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ကမ္ဘာ့ဖလား ချန်ပီယံ



ကမ္ဘာ့ဖလားတွင် ထင်ရှားသည့် ဂန္ထ၀င် ကစားသမားများကို ဖော်ပြရာ၌ ဦးစားပေးအဖြစ် ဖော်ပြသင့်သည့် ကစားသမား တစ်ဦးမှာ “(၂၀) ရာစု၏ ထာဝရ အကောင်းဆုံး ဘောလုံးသမား (သို့မဟုတ်) ပီလီ” ပင် ဖြစ်သည်။ ‘The Black Pearl’၊ တစ်ခေတ်တစ်ခါက ပြိုင်ဘက်အသင်း ကစားသမားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာ အကောင်းဆုံး အမည်နာမ တစ်ခု။ ယင်းအမည်ကို ပိုင်ဆိုင်ခဲ့သူက ဘောလုံးလောက၏ ဘုရင်ကြီး “ပီလီ” ပင် ဖြစ်သည်။ ပီလီကဲ့သို့ ဂိုးသွင်းကောင်းသည့်၊ အလိမ်အခေါက် ထူးချွန်သည့်၊ ဘောလုံးဦးနှောက် ထက်မြက်သည့် ကစားသမားမျိုး ယနေ့ခေတ် ဘောလုံးလောကတွင် ထွက်ပေါ်လျက် ရှိနေသော်လည်း၊ ၎င်းတင်ရှိထားသော ကမ္ဘာ့ဖလား ချန်ပီယံဆုကို (၃)ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့သည့် စံချိန်ကို လိုက်မီနိုင်မည့်သူမှာ နောက်ထပ်ထွက်ပေါ်လာဖွယ် မရှိသေးဟု ဆိုရမည်။ ကမ္ဘာ့ဖလား ချန်ပီယံဆုကို (၃)ကြိမ်တိုင်တိုင်(၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀) ရယူနိုင်ခဲ့သည့် စံချိန်၊ ကစားသမား ဘ၀တွင် ဂိုး(၁၀၀၀)ကျော် သွင်းယူခဲ့သည့် မှတ်တမ်း (၂)ခုတည်းနှင့်ပင် ပီလီကို အငြင်းပွားဖွယ်မရှိ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ပါက မှားမည် မထင်ပေ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ခုနှစ်များတွင် ဆင်နွှဲခဲ့ပြီး ယင်းပြိုင်ပွဲ(၄)ကြိမ်စလုံး၌ စုစုပေါင်း(၁၂)ဂိုးအထိ သွင်းယူခဲ့ရာ ကမ္ဘာ့ဖလား(၄)ကြိမ်တွင် ဂိုးသွင်း ယူနိုင်ခဲ့သူအဖြစ် ဂျာမနီတိုက်စစ်မှူးဟောင်း အူဝီစတီလာနှင့်အပြိုင် မှတ်တမ်းဝင်ခဲ့သည်။

Did You Know ? ? - ပီလီသည် အသက်(၁၇) နှစ်၊ (၂၄၉) ရက် အရွယ်တွင် ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ကစားခွင့် ရခဲ့ပြီး အသက်အငယ်ဆုံး ဖလားကို ကိုင်မြှောက်နိုင်သူ ဖြစ်သည်။

MARADONA

နိုင်ငံ - အာဂျင်တီးနား
မွေးသက္ကရာဇ် - ၃၀-၁၀-၁၉၆၀
ကစားသည့်နေရာ - ရှေ့တန်း
ကမ္ဘာ့ဖလားအောင်မြင်မှု - ၁၉၈၆ ကမ္ဘာ့ဖလား ချန်ပီယံ၊ ၁၉၉၀ ကမ္ဘာ့ဖလား ဒုတိယ



ပဉ္စလက်ဆန်သည့် ခြေစွမ်းဖြင့် ဘောလုံးပရိသတ်များကို ဖမ်းစားခဲ့သူ၊ ဖီဖာ၏ (၂၀)ရာစု အကောင်းဆုံး ကစားသမားအဖြစ် ပီလီနှင့် တွဲဖက် သတ်မှတ်ခံထားရသူ ဖြစ်သည်။ အင်္ဂလန်ကို အနိုင်ရခဲ့သည့် ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲတွင် မာရာဒိုနာ သွင်းယူခဲ့သော ‘ဘုရားပေးသည့်လက်’ (Hand of God) ဂိုးနှင့် အင်္ဂလန် ကစားသမား(၅)ဦးကို ကျော်ဖြတ်ကာ ကွင်းလယ်မှ ဆွဲပြေးသွင်းယူခဲ့သည့် ဂိုးတို့မှာ ယနေ့အချိန်အထိ ပရိသတ်များ၏ ပါးစပ်ဖျားတွင် ပြောစမှတ် ဖြစ်နေဆဲပင်။ အင်္ဂလန် ကစားသမားများကို ကျော်ဖြတ်သွင်းယူခဲ့သည့်ဂိုးအား (၂၀) ရာစု၏ အကောင်းဆုံးဂိုးအဖြစ် ဖီဖာက သတ်မှတ်ပေးခဲ့သည်။ အာဂျင်တီးနား အသင်းအတွက် (၉၁)ပွဲ ကစားကာ (၃၄)ဂိုး သွင်းယူခဲ့သလို၊ လက်ရွေးစင်အသင်းနှင့်အတူ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ချန်ပီယံတစ်ကြိမ်(၁၉၈၆)၊ ဒုတိယတစ်ကြိမ်(၁၉၉၀) ရရှိခဲ့သည်။ အရပ်အမြင့် (၅' ၅")သာ ရှိသော်လည်း လျင်မြန်သည့်ပြေးအား၊ ဘောလုံးဆွဲပြေးမှု စွမ်းရည် (Dribbling Skill)၊ ဘောလုံးပေးပို့မှု စသည့် အရည်အချင်းများကြောင့် ပြိုင်ဘက်အသင်းအတွက် အိပ်မက်ဆိုးများ ဖန်တီးပေးခဲ့သူလည်း ဖြစ်သည်။ ကစားသမားဘ၀ အဆုံးသတ်ပိုင်းတွင် မူးယစ်ဆေးနှင့် အကျင့်စရိုက်ဆိုးများကြောင့် နာမည်ပျက်ခဲ့ရသော်လည်း မာရာဒိုနာမှာ ရာစုနှစ် အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် အငြင်းပွားဖွယ်မရှိ ထိုက်တန်သူဟု ဆိုရမည်။

Did You Know ? ? - မာရာဒိုနာသည် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် (၁၆)ပွဲ ကစားခဲ့ပြီး အများဆုံး စံချိန်လည်း ဖြစ်သည်။

RONALDO

နိုင်ငံ - ဘရာဇီးလ်
မွေးသက္ကရာဇ် - ၁၈-၉-၁၉၇၆
ကစားသည့်နေရာ - ရှေ့တန်း
ကမ္ဘာ့ဖလားအောင်မြင်မှု - ၁၉၉၄/၂၀၀၂ ကမ္ဘာ့ဖလား ချန်ပီယံ၊ ၁၉၉၈ ကမ္ဘာ့ဖလား ဒုတိယ



ဘရာဇီးလ် အသင်းအတွက် အောင်မြင်မှုများကို အစပျိုးခဲ့သူက ပီလီဟုဆိုလျှင် ယင်းအောင်မြင်မှုများ ဆက်လက်တည်တံ့စေရန် အဓိက ပံ့ပိုးပေးခဲ့သူက ရော်နယ်လ်ဒိုဟု ဆိုရမည်။ ဘောလုံးဆွဲပြေးမှု (Dribbling Skill)၊ အမြန်နှုန်း (Speed)၊ အဆုံးသတ်ကောင်းမွန်မှု (Finishing) စသည့် အပိုင်းများတွင် သူမတူအောင် ထူးချွန်ကောင်းမွန်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ဆယ်စုနှစ်အတွင်း ဘရာဇီးလ် အသင်း၏ အကောင်းဆုံး တိုက်စစ်မှူးဟု ဆိုလျှင်လည်း မှားမည် မထင်။ ဘရာဇီးလ်အသင်းနှင့်အတူ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ၂၀၀၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်လ်ဒိုအတွက် နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ရာပြဿနာများနှင့် ခန္ဓာကိုယ် အ၀လွန်နေခြင်းတို့ကြောင့် လက်ရွေးစင်အသင်းနှင့် ဝေးကွာခဲ့ကာ၊ ၂၀၁၁ ခုနှစ်၌ ကစားသမားဘ၀မှ အနားယူရန် ဆုံးဖြတ်ခဲ့သည်။ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို (၃)ကြိမ်တိုင် ရယူနိုင်ခဲ့သည့် ရော်နယ်လ်ဒို၏ အမည်မှာ ပရိသတ်များရင်ထဲတွင် ထာဝရ စွဲကျန်ရစ်နေမည်ဖြစ်သည်။

Did You Know ? ? - ဂျာမနီ ဂန္ထ၀င် တိုက်စစ်မှူး ဂတ်မူလာ တင်ရှိခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး စံချိန် (၁၄)ဂိုးကို ၂၀၀၆ ကမ္ဘာ့ဖလားတွင် ရော်နယ်လ်ဒိုက ချိုးဖျက်နိုင်ခဲ့သည်။

BOBBY MOORE

နိုင်ငံ - အင်္ဂလန်
မွေးသက္ကရာဇ် - ၁၂-၄-၁၉၄၁
ကစားသည့်နေရာ - နောက်တန်း
ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၆၆ ကမ္ဘာ့ဖလား



“ဘောလုံးလောက၏ ဘိုးအေ” ဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် အင်္ဂလန်အသင်း၏ ဘောလုံးသမိုင်းကြောင်းကို ပြန်လည့်လျှင် မပါမဖြစ် ပါဝင်ရမည့် ကစားသမား တစ်ဦးမှာ ဂန္ထ၀င် အသင်းခေါင်းဆောင် ဘော်ဘီမိုးပင် ဖြစ်သည်။ အင်္ဂလန်အသင်း၏ ထာဝရ အကောင်းဆုံး ကစားသမားများထဲတွင် တစ်ဦး အပါအ၀င် ဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အသင်းခေါင်းဆောင်အဖြစ် ရယူနိုင်ခဲ့သည့် မှတ်တမ်းကလည်း လက်ရှိ အင်္ဂလန် ကစားသမားများအတွက် လိုက်မီရန် ခက်ခဲနေဦးမည့် မှတ်တမ်းတစ်ခုပင်ဖြစ်သည်။ အင်္ဂလန်အသင်းအတွက် ၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခုကျော်ကြာ ပါဝင်ကစားခဲ့ပြီး ပွဲပေါင်း (၁၀၈)ပွဲအထိ ကစားခဲ့သူ ဘော်ဘီမိုးမှာ အင်္ဂလန်တို့အတွက် ပါရမီရှင် ကစားသမား (Gifted Player) တစ်ဦး အဖြစ်လည်း သတ်မှတ်ရမည်။ ၁၉၇၈ တွင် ကစားသမားဘ၀မှ အနားယူခဲ့ပြီး (၁၀)နှစ်ကျော် အကြာ ၁၉၉၃ ခုနှစ်တွင် ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့သည်။ ဘော်ဘီမိုး ကွယ်လွန်ပြီးနောက် ၎င်းကို ဂုဏ်ပြုသည့် အနေဖြင့် သူ၏ ကလပ်အသင်းဖြစ်သည့် ၀က်စ်ဟမ်းအသင်းက ၎င်းဝတ်ဆင်ခဲ့သော ကျောနံပါတ် (၆)အင်္ကျီကို အနားပေးခဲ့သည်။

Did You Know ? ? - ဘော်ဘီမိုးသည် အင်္ဂလန် လက်ရွေးစင်အသင်း သမိုင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပွဲ(၉၀)ကစားခဲ့ပြီး အများဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။

Z.ZIDANE

နိုင်ငံ - ပြင်သစ်၊ မွေးသက္ကရာဇ် - ၂၃-၆-၁၉၇၂
ကစားသည့်နေရာ - အလယ်တန်း
ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ၊ ၂၀၀၆ ကမ္ဘာ့ဖလား ဒုတိယ



ပြင်သစ်ဘောလုံးလောကတွင် ပလာတီနီနောက်ပိုင်း အထင်ရှားဆုံး ကြယ်တစ်ပွင့်က “ဇီဇူး” (Zizou)ဟု ပရိသတ်များက အမည်ပြောင် ပေးထားသည့် ဇီဒန်းပင် ဖြစ်သည်။ သူ၏ စွမ်းဆောင်ရည်များက ဆယ်စုနှစ်အတွင်း အကောင်းဆုံး ဘောလုံးသမား တစ်ဦးဟုပင် တင်စားရမည် ဖြစ်သည်။ အိမ်ရှင် ပြင်သစ်အသင်း ချန်ပီယံ ဖြစ်ခဲ့သည့် ၁၉၉၈ ကမ္ဘာ့ဖလားတွင် ဆော်ဒီနှင့် အုပ်စုပွဲ၌ အနီကတ် ပြသခံခဲ့ရသဖြင့် ကမ္ဘာ့ဖလားတွင် အနီကတ် ထိခဲ့သည့် ပထမဆုံး ပြင်သစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့နောက် ယူရို-၂၀၀၀ ပြိုင်ပွဲတွင် ဇီဒန်း၏ ခြေစွမ်းပြမှုနှင့်အတူ ပြင်သစ်အသင်း ဗိုလ်စွဲခဲ့သော်လည်း ယူရို-၂၀၀၄ ပြိုင်ပွဲ အပြီးတွင် လက်ရွေးစင်အသင်းမှ အနားယူခဲ့သည်။ ၂၀၀၆ ခုနှစ်တွင်မူ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ရောက်ရှိစေခဲ့သော်လည်း အီတလီနောက်ခံလူ မာတာရာဇီကို ခေါင်းဖြင့်တိုက်၍ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဇီဒန်း၏ အောင်မြင်မှုနှင့် စွမ်းဆောင်ရည်များမှာ ပြင်သစ်ပရိသတ်များအတွက် အမြဲအမှတ်တရ ရှိနေလိမ့်မည် ဖြစ်သည်။

Did You Know ? ? - ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် တစ်ဂိုးသွင်းယူခဲ့သည့် ဇီဒန်းမှာ မတူညီသည့် ဗိုလ်လုပွဲ(၂)ကြိမ်၌ ဂိုးသွင်းယူနိုင်ခဲ့သည့် တတိယမြောက် ကစားသမား ဖြစ်ခဲ့သည်။

BECKENBAUER

နိုင်ငံ - ဂျာမနီ
မွေးသက္ကရာဇ် - ၁၁-၉-၁၉၄၅
ကစားသည့်နေရာ - နောက်တန်း
ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၇၄ ကမ္ဘာ့ဖလား ချန်ပီယံ



ဂျာမန်ဘာသာဖြင့် “Der Kaiser”၊ အင်္ဂလိပ်လို “The Emperor”(ဘုရင်ကြီး)ဟု နာမည်ပြောင်ဖြင့် ကျော်ကြားခဲ့သည့် ဘက်ကင်ဘောင်ဝါမှာ ဂျာမနီ ဘောလုံးလောကအတွက် စံနမူယူစရာ၊ ဂုဏ်ယူစရာ ကစားသမား တစ်ဦးပင်။ Libero ဆိုသော ကစားဟန်ကို စတင်တီထွင်ခဲ့သည့် ဂျာမနီအသင်း၏ ဂန္ထ၀င် နောက်ခံလူ တစ်ဦးကို ပရိသတ်များ စိတ်ထဲတွင် မလွဲမသွေ မှတ်မိနေဦးမည်ဖြစ်သည်။ ကစားသမားဘ၀ အစ၌ ကွင်းလယ်တွင် ကစားခဲ့သော်လည်း နောက်ပိုင်းတွင် နောက်တန်းခံစစ်မှူးအဖြစ် အကောင်းဆုံး ကစားနိုင်ခဲ့ပြီး နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်သည်။ သူ၏ မာမာထန်ထန် ကစားပုံ၊ အသင်းကို ဦးဆောင်မှု ကောင်းမွန်ပုံတို့ကြောင့် ဂျာမနီတို့၏ ထာဝရ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။ ၁၉၇၀ ပြိုင်ပွဲတွင် ကစားသမားအဖြစ် လည်းကောင်း၊ ၁၉၉၀ ပြိုင်ပွဲတွင် နည်းပြအဖြစ် လည်းကောင်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

Did You Know ? ? - ဘက်ကင်ဘောင်ဝါသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးအသင်းတွင် ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄ (၃)ကြိမ် ပါဝင်ခဲ့ပြီး၊ ဂျာမနီမှ ဖိလစ်လမ်း၊ ဘရာဇီးလ်မှ ဆန်းတို့စ်တို့နှင့်အတူ အများဆုံး ဖြစ်ခဲ့သည်။

EUSEBIO


■ နိုင်ငံ - ပေါ်တူဂီ
■ မွေးသက္ကရာဇ် - ၂၅-၁-၁၉၄၂
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလားအောင်မြင်မှု - ၁၉၆၆ ကမ္ဘာ့ဖလား တတိယ၊ ဂိုးသွင်းအများဆုံးဆု၊ ကြေးဘောလုံးဆု

လျင်မြန်သည့် ကစားဟန်၊ နည်းစနစ်ပိုင်း ကြွယ်ဝမှု၊ တိကျသည့် ညာခြေကန်ချက်တို့ကြောင့် ကစားသမား ဘ၀တွင် ‘ကျားသစ်နက်’ ဆိုသော အမည်ဖြင့် ထင်ရှားခဲ့သူ ဖြစ်သည်။ ၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပေါ်တူဂီအသင်း တတိယနေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ သွင်းဂိုး (၉)ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပြီး ကြေးဘောလုံးဆုကိုလည်း ဆွတ်ခူးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင်လည်း ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ကွယ်လွန်ခဲ့သည့် အူဆီဘီယိုမှာ ပေါ်တူဂီ ဘောလုံးလောက အောင်မြင်မှု ရရှိရေးအတွက် ဦးဆောင်ပေးခဲ့သူဟု ဆိုရမည် ဖြစ်သည်။

J.CRUIJFF


■ နိုင်ငံ - နယ်သာလန်
■ မွေးသက္ကရာဇ် - ၂၅-၄-၁၉၄၇
■ ကစားသည့်နေရာ - ရှေ့တန်း၊
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၇၄ ကမ္ဘာ့ဖလား ဒုတိယ

ဒတ်ခ်ျ ဂန္ထ၀င်နည်းပြကြီး ရေးနပ်စ်မစ်ချယ်၏ Total Football ကစားဟန်နှင့်အတူ ယိုဟန်ခရိုက်ဖ်ဆိုသော အမည်မှာ ဘောလုံးလောကတွင် ထင်ရှားခဲ့သည်။ ၁၉၇၄ ကမ္ဘာ့ဖလားတွင် နယ်သာလန်အသင်းအား ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အိမ်ရှင် အနောက်ဂျာမနီ အသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ခရိုက်ဖ်မှာ ရွှေဘောလုံးဆုကို ရရှိခဲ့သည်။ ယိုဟန်ခရိုက်ဖ်သည် ကစားသမား ဘ၀တစ်လျှောက် ဥရောပ အကောင်းဆုံး ကစားသမားဆုကို (၃)ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များက အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။

M.KEMPES


■ နိုင်ငံ - အာဂျင်တီးနား
■ မွေးသက္ကရာဇ် - ၁၅-၇-၁၉၅၄
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၇၈ ကမ္ဘာ့ဖလား၊ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု

မာရီယိုကမ်းပက်စ်မှာ မာရာဒိုနာကဲ့သို့ လူသိများသော ကစားသမားတစ်ဦး မဟုတ်သော်လည်း အာဂျင်တီးနား အသင်း၏ အောင်မြင်မှုများတွင် သူ၏ စွမ်းဆောင်ရည်များကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။ အာဂျင်တီးနား အသင်းနှင့်အတူ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ၁၉၇၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် သွင်းဂိုးများဖြင့် ကူညီပေးခဲ့သူ ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကမ်းပက်စ်မှာ အာဂျင်တီးနား အသင်းအတွက် စုစုပေါင်း (၆)ဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုတို့ကို ဆွတ်ခူးခဲ့သလို၊ ဂိုးသွင်းတိကျသူအဖြစ် နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်သည်။

G.MULLER


■ နိုင်ငံ - ဂျာမနီ
■ မွေးသက္ကရာဇ် - ၃-၁၁-၁၉၄၅
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလားအောင်မြင်မှု - ၁၉၇၄ ကမ္ဘာ့ဖလား ချန်ပီယံ

နိုင်ငံအသင်းအတွက် (၆၈) ဂိုးသွင်းယူကာ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သည့် ဂတ်မူလာကို ဂိုးသွင်းစက်ဟု တင်စားကြသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း စုစုပေါင်း (၁၄)ဂိုးဖြင့် တတိယ ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ “ဂျာမနီတို့အတွက် ဗုံးတစ်လုံး” အမည်ဖြင့် ကျော်ကြားခဲ့သူ ဂတ်မူလာသည် ၁၉၇၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသင်းအတွက် စုစုပေါင်း (၄)ဂိုး သွင်းယူခဲ့ပြီး နယ်သာလန်ကို အနိုင်ရခဲ့သည့် ဗိုလ်လုပွဲ၌ အရေးပါသည့် အနိုင်ဂိုးကို သွင်းယူခဲ့သူလည်း ဖြစ်သည်။ မူလာ၏ အရည်အသွေးကို ဂျာမန်တို့၏ ခံစစ်တံတိုင်းဟု တင်စားရမည့် ဘက်ကင်ဘောင်ဝါက “လေ့ကျင့်ရေးကွင်းမှာ သူနဲ့ရင်ဆိုင်ရတိုင်း ကျွန်တော် အခွင့်အရေး မရခဲ့ပါဘူး” ဟု ချီးကျူးခဲ့သည်။

DINO ZOFF


■ နိုင်ငံ - အီတလီ
■ မွေးသက္ကရာဇ် - ၂၈-၂-၁၉၄၂
■ ကစားသည့်နေရာ - ဂိုး
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၈၂ ကမ္ဘာ့ဖလား ချန်ပီယံ

၁၉၇၂ မှ ၁၉၇၄ ခုနှစ်အတွင်း နိုင်ငံတကာ ပွဲစဉ်များတွင် (၁၁၄၂)မိနစ်အထိ ဂိုးမပေးရသည့် စံချိန်တင်ရှိထားသူ ဒီနိုဇော့ဖ်သည် ၁၉၈၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သလို၊ ချန်ပီယံဖြစ်ရန် အကောင်းဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့သည်။ ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဒီနိုဇော့ဖ်၏ အသက်မှာ (၄၀)နှစ်၊ (၄)လနှင့် (၁၃)ရက် ရှိနေပြီဖြစ်ရာ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သည့် အသက်အကြီးဆုံး ကစားသမား ဖြစ်ခဲ့သည်။ ထို့ပြင် ဒီနိုဇော့ဖ်မှာ (၂၀)ရာစု၏ အကောင်းဆုံး ဂိုးသမားစာရင်းတွင် လက်ဗ်ယာရှင် (ဆိုဗီယက်)၊ ဂေါ်ဒွန်ဘန့် (အင်္ဂလန်) တို့၏နောက်၌ ရပ်တည်နိုင်ခဲ့ပြီး အီတလီ၏ ဂန္ထ၀င်လည်း ဖြစ်သည်။

L.MATTHAUS


■ နိုင်ငံ - ဂျာမနီ
■ မွေးသက္ကရာဇ် - ၂၁-၃-၁၉၆၁
■ ကစားသည့်နေရာ - အလယ်တန်း
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၉၀ ကမ္ဘာ့ဖလား ချန်ပီယံ၊ ၁၉၈၂/၈၆ ကမ္ဘာ့ဖလား-ဒုတိယ

မားသီးယက်စ်မှာ ဂျာမနီ အသင်းနှင့် ကမ္ဘာ့ဖလား (၅)ကြိမ် (၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈) ဆင်နွှဲခဲ့ဖူးပြီး စုစုပေါင်း (၂၅)ပွဲဖြင့် ပြိုင်ပွဲတစ်လျှောက် ပွဲအများဆုံး ကစားခဲ့သူအဖြစ် စံချိန်တင်ထားနိုင်ခဲ့သည်။ ထို့ပြင် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း ဗိုလ်စွဲခဲ့ရာ၌ အဓိက ခြေစွမ်းပြခဲ့သည့် ကစားသမားဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ဖီဖာကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို၊ ယင်းဆုအား ပထမဆုံး ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ မာကျောသည့် ကစားပုံကြောင့် မာရာဒိုနာကဲ့သို့ ကစားသမားမျိုးကပင် မားသီးယက်စ်မှာ မိမိရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်များထဲတွင် အကောင်းဆုံး ဖြစ်သည်ဟု ချီးကျုးခဲ့ရသည်။

PLATINI


■ နိုင်ငံ - ပြင်သစ်
■ မွေးသက္ကရာဇ် - ၂၁-၆-၁၉၅၅
■ ကစားသည့်နေရာ - အလယ်တန်း
■ ကမ္ဘာ့ဖလားအောင်မြင်မှု - ၁၉၈၆ ကမ္ဘာ့ဖလား တတိယ

ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုကို (၃)ကြိမ်တိုင်တိုင် ရယူခဲ့သူ၊ ယူရို-၈၄ ပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ချန်ပီယံ ဖြစ်စေခဲ့ပြီး ၁၉၈၆ ကမ္ဘာ့ဖလားတွင် တတိယနေရာ ရရှိစေခဲ့သူ စသည့် မှတ်တမ်းကောင်း များစွာဖြင့် ကျော်ကြားခဲ့သော ကစားသမား တစ်ဦးဖြစ်သည်။ ထို့ပြင် ပလာတီနီမှာ ဘောလုံးသမိုင်းတစ်လျှောက် ဘောလုံးပေးပို့မှု အကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသလို၊ ဖရီးကစ် ကန်သွင်းရာတွင် ထူးချွန်သူ စသည့် မှတ်တမ်းများလည်း ပိုင်ဆိုင်ထားသည်။ ၁၉၈၀ ၀န်းကျင်ခုနှစ်များက ပလာတီနီ၊ အလိန်းဂီရက်စီ၊ လူးဝစ်ဖာနန်ဒက်ဇ်၊ တီဂါနာတို့မှာ “Magic Square” ဟူ၍ တင်စားခြင်း ခံခဲ့ရသည်။

P.ROSSI


■ နိုင်ငံ - အီတလီ
■ မွေးသက္ကရာဇ် - ၂၃-၉-၁၉၅၆
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၈၂ ကမ္ဘာ့ဖလား၊ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု

၁၉၈၀ အီတလီ ဘောလုံးလောက လုပ်ပွဲဂယက်တွင် ပေါ်လိုရော့စီလည်း ပါဝင်ခဲ့သည်။ (၃)နှစ် ပွဲပယ်ခံခဲ့ရသော်လည်း ပြစ်ဒဏ်လျှော့ချခံခဲ့ရသဖြင့် ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အီတလီအသင်းအတွက် ပါဝင် ကစားခွင့် ရရှိခဲ့သည်။ သို့သော် ရော့စီမှာ ပြိုင်ပွဲမတိုင်မီ ကတည်းက ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အုပ်စုတွင်း ပွဲစဉ်များ၌ ခြေစွမ်းမပြနိုင်ခဲ့ချေ။ သို့သော် ဘရာဇီးလ်နှင့် ကစားခဲ့သည့် ဒုတိယအဆင့် ပွဲစဉ်တွင် ဟက်ထရစ် သွင်းယူခဲ့သလို၊ ပိုလန်ကို အနိုင်ရခဲ့သည့်ပွဲ၌ (၂)ဂိုး၊ အနောက်ဂျာမနီနှင့် ဗိုလ်လုပွဲတွင်(၁) ဂိုးသွင်းယူကာ အီတလီအသင်းအား ချန်ပီယံ ဖြစ်စေခဲ့ပြီး ကိုယ်တိုင်လည်း ရွှေဖိနပ်ဆု ရယူနိုင်ခဲ့သည်။

KLINSMANN

■ နိုင်ငံ - ဂျာမနီ
■ မွေးသက္ကရာဇ် - ၃၀-၇-၁၉၆၄
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၁၉၉၀ ကမ္ဘာ့ဖလား ချန်ပီယံ

ပယ်နယ်တီ ဧရိယာအတွင်း ပြိုင်ဘက်အသင်းအတွက် ကြောက်စရာ အကောင်းဆုံးနှင့် ထိန်းချုပ်ရ အခက်ဆုံး တိုက်စစ်မှူး စာရင်းတွင် ကလင်းစမန်းကိုလည်း ထည့်သွင်းရမည်ဖြစ်သည်။ ၁၉၉၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အနောက်ဂျာမနီအသင်း ဗိုလ်စွဲခဲ့စဉ်က အဓိက,ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး အသင်းအတွက် (၃)ဂိုး သွင်းယူခဲ့သည်။ ကလင်းစမန်း အနေဖြင့် ၁၉၉၄ ပြိုင်ပွဲတွင် (၅)ဂိုး၊ ၁၉၉၈ ပြိုင်ပွဲ၌ (၃)ဂိုး သွင်းယူနိုင်ခဲ့ရာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် အနည်းဆုံး (၃)ဂိုး သွင်းယူခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဂျာမနီ လက်ရွေးစင် အသင်းနည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

R.BAGGIO

■ နိုင်ငံ - အီတလီ
■ မွေးသက္ကရာဇ် - ၁၈-၂-၁၉၆၇
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလားအောင်မြင်မှု - ၁၉၉၀ ကမ္ဘာ့ဖလား တတိယ၊ ၁၉၉၄ ကမ္ဘာ့ဖလား ဒုတိယ

“ပိုနီတေးလ်”(Ponytail) ဆံပင်ပုံစံ၊ တိုက်စစ်မှူးကောင်း တစ်ဦး၏ အရည်အသွေးနှင့် ပြည့်စုံသူ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ စသည့် အချက်များကြောင့် နာမည်ကျော်ကြားခဲ့သော ဘက်ဂီယိုမှာ ဘောလုံးပရိသတ်များ၏ အချစ်တော် ကစားသမား တစ်ဦးဟု ဆိုရမည်။ အီတလီအသင်းနှင့်အတူ (၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈) ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲ (၃)ကြိမ်စလုံး၌ ဂိုးသွင်းယူခဲ့ဖူးသည့် ပထမဆုံး အီတလီ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွ င်ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု၊ ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုတို့ကို ရယူနိုင်ခဲ့ပြီး၊ တစ်ဦးချင်း မှတ်တမ်းကောင်းများစွာ တင်ရှိထားသည်။

CASILLAS

■ နိုင်ငံ - စပိန်
■ မွေးသက္ကရာဇ် - ၂၀-၅-၁၉၈၁
■ ကစားသည့်နေရာ - ဂိုးသမား
■ ကမ္ဘာ့ဖလားအောင်မြင်မှု - ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံ

မော်ဒန်ဘောလုံးလောကတွင် စပိန်အသင်း အောင်မြင်မှုများ ရရှိနေရာ၌ ဇာဗီ၊ အင်နီယေစတာတို့ကို အသင်း၏ ၀င်ရိုးများအဖြစ် သတ်မှတ်မည် ဆိုပါက ကာဆီးလက်စ်ကိုမူ အဓိက ဒေါက်တိုင်တစ်ခုအဖြစ် တင်စားရမည် ဖြစ်သည်။ ၂၀၀၂ ကမ္ဘာ့ဖလားမှ စတင်ကာ စပိန်အသင်း၏ အဓိက ဂိုးသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့သူဖြစ်ပြီး ယင်းပြိုင်ပွဲ၏ အိုင်ယာလန်နှင့် ရှုံးထွက်ပွဲစဉ်၌ ပယ်နယ်တီ(၂)လုံး ကာကွယ်နိုင်ခဲ့ရာမှ ထင်ရှားလာခဲ့သူ ဖြစ်သည်။ ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၂ ပြိုင်ပွဲတို့တွင် စပိန်အသင်း ဗိုလ်စွဲခဲ့စဉ်က အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး ယင်းမှတ်တမ်း ရရှိသည့် ပထမဆုံး အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

KLOSE

■ နိုင်ငံ - ဂျာမနီ
■ မွေးသက္ကရာဇ် - ၉-၆-၁၉၇၈
■ ကစားသည့်နေရာ - ရှေ့တန်း
■ ကမ္ဘာ့ဖလား အောင်မြင်မှု - ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ

ကလိုဆေးဟု ဆိုလိုက်သည့်နှင့် အေးဆေးတည်ငြိမ်သည့် မျက်နှာသွင်ပြင်နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဂိုးသွင်းမုဆိုး တစ်ဦးကို ပရိသတ်များ အမှတ်ရနေမည် ဖြစ်သည်။ ပထမဆုံး ယှဉ်ပြိုင်ခွင့် ရသည့် ၂၀၀၂ ကမ္ဘာ့ဖလားမှာပင် ဟက်ထရစ်တစ်ကြိမ် အပါအ၀င် (၅)ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ပြိုင်ပွဲများတွင်လည်း သွင်းဂိုးများဖြင့် ဂျာမနီအသင်း၏ တိုက်စစ်လက်နက်ကောင်း ဖြစ်ခဲ့သည်။ ကလိုဆေးသည် ရော်နယ်လ်ဒို၏ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန် (၁၅)ဂိုးကို ပြီးခဲ့သည့် ၂၀၁၄ ပြိုင်ပွဲတွင် (၁၆) ဂိုးဖြင့် ရိုက်ချိုးနိုင်ခဲ့သည်။ ထို့ပြင် သွင်းဂိုး(၇၁) ဂိုးဖြင့် ဂျာမနီအသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။