world cup 2018 banner

World Cup Timeline Histories

Sample project image
TOURNAMENT STATISTICS

Matches played: 18

Goals scored: 70 (3.89 per match)

Attendance: 590,549 (32,808 per match)

ကမ္ဘာ့ဖလား ပြိုင်ပွဲများကို မစတင်မီ အချိန်က နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများကို သီးခြားကျင်းပခြင်းမျိုး မရှိဘဲ အိုလံပစ် အားကစားပွဲတော်များတွင်သာ ကျင်းပခဲ့ကြသည်။ ထို့ကြောင့် ဖီဖာဥက္ကဋ္ဌဖြစ်သူ ပြင်သစ်လူမျိုး ဂျူးရီမက်က ပရော်ဖက်ရှင်နယ် ကစားသမားများ ပါဝင်သည့် ပြိုင်ပွဲကြီးတစ်ခုကို ကျင်းပရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရာ ၁၉၃၀ ခုနှစ်တွင် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အိမ်ရှင်နိုင်ငံအဖြစ် အီတလီ၊ ဟော်လန်၊ စပိန်၊ ဆွီဒင်နှင့် ဥရုဂွေးနိုင်ငံတို့က လျှောက်ထားခဲ့ကြပြီး ဖီဖာကွန်ဂရက်က နိုင်ငံလွတ်လပ်ရေးနှစ် (၁၀၀)ပြည့်မြောက်သည့် နှစ်နှင့် တိုက်ဆိုင်နေသော ဥရုဂွေးနိုင်ငံအား အိမ်ရှင်အဖြစ် ရွေးချယ်ရန် ၁၉၂၉ ခုနှစ်၊ ဘာစီလိုနာမြို့တွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အသင်း (၁၃) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ဥရောပ ဘောလုံးအင်အားကြီးနိုင်ငံများ ဖြစ်ကြသည့် အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ ဟော်လန်၊ စပိန် စသည်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို(၁၃)သင်းကို (၄)သင်းတစ်အုပ်စု၊ (၃)သင်း သုံးအုပ်စုခွဲကာ ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၏ သမိုင်းဝင် ပထမဆုံး သွင်းဂိုးကို အုပ်စု(က)မှ ပြင်သစ်နှင့် မက္ကဆီကိုပွဲတွင် ပြင်သစ်ကစားသမားလူ စီအန်လော့ရင့်က သွင်းယူပေးခဲ့သည်။ ထိုစဉ်က ပြိုင်ပွဲဝင်အသင်း အရေအတွက် နည်းလွန်းသောကြောင့် အုပ်စုဗိုလ်(၄)သင်းကိုသာ ဆီမီးဖိုင်နယ်အဆင့်တွင် ကစားစေခဲ့သည်။ ဆီမီးဖိုင်နယ်အဆင့်တွင် အုပ်စု(က)မှ အာဂျင်တီးနားအသင်းက အုပ်စု(ဃ)မှ အမေရိကန်အသင်းကို (၆-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကျန်ပွဲစဉ်တွင် အုပ်စု(၈)မှဥရုဂွေး အသင်းက အုပ်စု(ခ)မှ ယူဂိုဆလားဗီယား အသင်းကို (၆-၁)ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲတွင် ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြနေသည့် အာဂျင်တီးနား အသင်းနှင့် အိမ်ရှင် ဥရုဂွေးတို့ ဆုံတွေ့ခဲ့ရာ အိမ်ရှင်ဥရုဂွေးအသင်းက ပထမပိုင်းတွင် အာဂျင်တီးနားအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပိုင်းတွင် (၃) ဂိုးပြန်သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင်(၄-၂)ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားသမိုင်း၏ ပထမဆုံးအကြိမ် ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုအချိန်က တတိယနေရာလုပွဲကို ကျင်းပခဲ့ခြင်း မရှိသောကြောင့် အမေရိကန်အသင်းနှင့် ယူဂိုဆလားဗီးယားအသင်းတို့အား ပူးတွဲတတိယအဖြစ် သတ်မှတ်ပေးခဲ့သည်။ ဥရုဂွေးအသင်း ချန်ပီယံဖြစ်ပြီး နောက်တစ်နေ့ဖြစ်သည့် ဇူလိုင်(၃၁) ရက်နေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ဥရုဂွေးအစိုးရက ကြေညာသတ်မှတ်လိုက်ရာ ဥရုဂွေးပြည်သူအားလုံး၏ ပျော်ရွှင်စရာ နေ့ရက်တစ်ရက် ဖြစ်ခဲ့သည်။


ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီနိုင်ငံတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်းအရေအတွက်မှာလည်း (၃၂)သင်းထိ ရှိလာခဲ့သည်။ သို့ရာတွင် အီတလီနိုင်ငံကို အိမ်ရှင်အဖြစ် ရွေးချယ်ရန် ဖီဖာတာဝန်ရှိသူများသည် အစည်းအဝေး (၈)ကြိမ်တိတိ ပြု လုပ်ခဲ့ရသည်။ ထိုအချိန်က အီတလီနိုင်ငံအား ဖက်ဆစ်အာဏာရှင် မူဆိုလီနီ အုပ်ချုပ်နေချိန် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ပြိုင်ပွဲဝင်(၃၂)သင်းကို အုပ်စုခွဲ မကစားဘဲ ခြေစစ်ပွဲများ ကစားစေခဲ့သောကြောင့် ပြိုင်ပွဲသမိုင်းတွင် ပထမဆုံး ခြေစစ်ပွဲ ကစားရသည့် ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် ပထမအကြိမ် ပြိုင်ပွဲတွင် ဥရောပအသင်းကြီးများ ၀င်ရောက်ယှဉ်ပြိုင်မှု မရှိခဲ့ခြင်းကို သပိတ်မှောက်သည့် အနေဖြင့် လက်ရှိချန်ပီယံ ဥရုဂွေးအသင်းမှာ အဆိုပါပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့အပြင် ဖီဖာနှင့် အဆင်မပြေမှုများ ဖြစ်နေသည့် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် မြောက်အိုင်ယာလန်အသင်းတို့လည်း မယှဉ်ပြိုင်ခဲ့ကြပေ။ ခြေစစ်ပွဲအဆင့်တွင် ဥရောပတိုက်မှ (၁၂)သင်းနှင့် ဥရောပတိုက်ပြင်ပမှ အမေရိကန်၊ ဘရာဇီးလ်၊ အာဂျင်တီးနားနှင့် အီဂျစ်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြပြီး ယင်း(၁၆)သင်းကို ရှုံးထွက်ပုံစံဖြင့် ဆက်လက်ကစားစေခဲ့သည်။ ထူးခြားချက် တစ်ခုမှာ ထိုအချိန်က မိနစ် (၉၀) ထိ သရေကျနေပါက အချိန်ပို မိနစ်(၃၀)ဆက်လက်ကစားစေခဲ့ပြီး အချိန်ပိုတွင်လည်း သရေကျနေပါက ပယ်နယ်တီ အဆုံးအဖြတ် ခံယူသည့်စနစ် မရှိဘဲ နောက်တစ်ပွဲ ပြန်လည် ကစားစေခဲ့သည်။ ကွာတားဖိုင်နယ် အဆင့်သို့ ဥရောပ အသင်းများသာ တက်ရောက်နိုင်ခဲ့ကြပြီး အီတလီနှင့် စပိန်တို့ ကစားခဲ့သည့် ကွာတားပွဲစဉ်သည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်များနှင့်အတူ အဖြေမပေါ်ခဲ့သဖြင့် ပြန်ကန်ပွဲ ကစားခဲ့ရခြင်းကလည်း ပြိုင်ပွဲသမိုင်း၌ ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

ဆီမီးဖိုင်နယ်တွင် အီတလီက သြစတြီးယားကို(၁-၀)ဂိုး၊ ချက်ကိုစလိုဗက်ကီးယားအသင်းက ဂျာမနီကို(၃-၁)ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် အီတလီက ချက်ကိုစလိုဗက်ကီးယား အသင်းကို အချိန်ပိုတွင် အနိုင်ဂိုးသွင်းကာ (၂-၁)ဂိုးဖြင့် အနိုင်ယူပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အချိန်ပို ဆက်ကစားရသည့် ဗိုလ်လုပွဲအဖြစ် မှတ်တမ်းတင်ရှိခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 17

Goals scored: 70 (4.12 per match)

Attendance: 363,000 (21,353 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 18

Goals scored: 84 (4.67 per match)

Attendance: 375,700 (20,872 per match)

တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား အိမ်ရှင်နေရာအတွက် ပြင်သစ်၊ အာဂျင်တီးနားနှင့် ဂျာမနီနိုင်ငံတို့ အရွေးချယ် ခံခဲ့ကြသော်လည်း ယခုအကြိမ်တွင်မူ ဖီဖာဥက္ကဋ္ဌ ဂျူးရီးမက်၏ မွေးရပ်မြေဖြစ်သော ပြင်သစ်နိုင်ငံတွင် ကျင်းပရန် ဖီဖာက ၁၉၃၆ ခုနှစ်တွင် ဆုံးဖြတ်ချက် ချခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သော အာဂျင်တီးနား အသင်းမှာမူ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။ ပြိုင်ပွဲဝင်အသင်း (၃၇) ထိ ရှိလာခဲ့သော်လည်း စပိန်အသင်းမှာ ပြည်တွင်းစစ်ကြောင့် လည်းကောင်း၊ ဂျပန်အသင်းမှာ တရုတ်နှင့် စစ်ပွဲကြောင့် လည်းကောင်း ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ကြသည်။ ထို့ကြောင့် အာရှတိုက်မှ ဒတ်ခ်ျကိုလိုနီ လက်အောက်ခံဖြစ်သည် Dutch East Indies(ယခု အင်ဒိုးနီးရှား)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ယခုပြိုင်ပွဲတွင်လည်း ဥရုဂွေးအသင်း ပါဝင်ခြင်း မရှိသေးဘဲ တောင်အမေရိကတိုက်မှ ဘရာဇီးလ်တစ်သင်းသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ကွာတားဖိုင်နယ်တွင် လက်ရှိချန်ပီယံ အီတလီနှင့် အိမ်ရှင်ပြင်သစ်တို့ ဆုံတွေ့ခဲ့ရာ အီတလီအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ်အဆင့်ကို အီတလီ၊ ဘရာဇီးလ်၊ ဟန်ဂေရီနှင့် ဆွီဒင်အသင်းတို့ တက်လှမ်းနိုင်ခဲ့ပြီး အီတလီ အသင်းက ဘရာဇီးလ် အသင်းကို(၂-၁)ဂိုး၊ ဟန်ဂေရီအသင်းက ဆွီဒင်အသင်းကို (၅-၁)ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ တတိယနေရာ လုပွဲတွင် ဘရာဇီးလ်အသင်းက ဆွီဒင်အသင်းကို(၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ အီတလီအသင်းက ဟန်ဂေရီအသင်းကို(၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အီတလီအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆုကို ကာကွယ်နိုင်သည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

ယင်းပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ဘရာဇီးလ်တိုက်စစ်မှူး လီယိုနီဒက်စ်က ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲ အပြီးတွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့သောကြောင့် ၁၉၄၂ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်များတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ၁၉၅၀ ခုနှစ်မှသာ စတုတ္ထအကြိမ် ကမ္ဘာ့ဖလားကို ဘရာဇီးလ်နိုင်ငံတွင် ကျင်းပနိုင်ခဲ့သည်။


၁၉၃၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပြီးနောက် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သောကြောင့် (၄)နှစ်တစ်ကြိမ် ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း နောက်(၁၂) နှစ်ကြာဖြစ်သည့် ၁၉၅၀ ခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဖီဖာအနေဖြင့် အိမ်ရှင်နိုင်ငံ ရွေးချယ်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ စစ်ဘေးစစ်ဒဏ် အများဆုံး ခံစားခဲ့ကြရသည့် ဥရောပနိုင်ငံ အများစုသည် အိမ်ရှင်အဖြစ် ရွေးချယ်လိုက်သည့် ဘရာဇီးလ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်လိုခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဥရောပနိုင်ငံများသည် နိုင်ငံပြန်လည်ထူထောင်ရေးကိုသာ အလေးပေး ဆောင်ရွက်နေကြသောကြောင့် ဖြစ်သည်။

၁၉၄၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဖီဖာကွန်ဂရက်ကလည်း ၁၉၅၀ ကမ္ဘာ့ဖလား အိမ်ရှင်နေရာအတွက် ဘရာဇီးလ်နိုင်ငံသာ သင့်လျော်သည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ထို့ပြင် ၁၉၅၀ ခုနှစ်သည် ဖီဖာဥက္ကဋ္ဌ ဂျူးရီးမက်၏ ဥက္ကဋ္ဌသက်တမ်း(၂၅)နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်နေသောကြောင့် အဆိုပါပြိုင်ပွဲ အမည်ကိုလည်း ဂျူးရီးမက်ဖလား (Jules Rimet Trophy)ဟု ခေါ်တွင်စေရန် ၁၉၄၆ ဖီဖာကွန်ဂရက်က ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်၏ ဖက်ဆစ်ဝင်ရိုးစွန်းတန်း နိုင်ငံများ ဖြစ်ကြသည့် ဂျာမနီ၊ ဂျပန်နိုင်ငံတို့အား ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီး အီတလီနိုင်ငံကိုမူ လက်ရှိ ချန်ပီယံ ဖြစ်နေသည့်အတွက် ပါဝင်ယှဉ်ပြိုင်စေခဲ့သည်။ ပြိုင်ပွဲကျင်းပသည့် ပုံစံကိုလည်း ၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလား ပုံစံအတိုင်း ခြေစစ်ပွဲများ ဦးဆုံး ကစားစေခဲ့ပြီး ခြေစစ်ပွဲအောင် အသင်းများအား အုပ်စုများခွဲကာ ဆက်လက်ကစားစေခဲ့သည်။ ခြေစစ်ပွဲ အောင်မြင်သည့် အသင်း (၁၆)သင်း ရှိခဲ့သော်လည်း အိန္ဒိယ၊ စကော့တလန်၊ တူရကီအသင်းတို့မှာ ပြိုင်ပွဲ နုတ်ထွက်သွားခဲ့သောကြောင့် (၁၃)သင်းဖြင့်သာ ကျင်းပခဲ့ရသည်။

ဗြိတိန်ကျွန်းစုမှ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခင်နှစ်ကြိမ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့် ဥရုဂွေးအသင်းမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ခြေစစ်ပွဲအောင်(၁၃)သင်းကို အုပ်စု(၄)အုပ်စု ခွဲယှဉ်ပြိုင်စေခဲ့ပြီး အုပ်စုဗိုလ်(၄)သင်းဖြစ်သည့် ဘရာဇီးလ်၊ စပိန်၊ ဆွီဒင်၊ ဥရုဂွေး အသင်းများကို အုပ်စုပတ်လည်စနစ် (အမှတ်အများဆုံးအသင်း ဗိုလ်စွဲ)ဖြင့် ထပ်မံယှဉ်ပြိုင်စေခဲ့သည်။ အုပ်စု နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင် ဘရာဇီးလ်နှင့် ဥရုဂွေးတို့ ဆုံတွေ့ခဲ့ရာ သရေ(၁)မှတ်ရရုံဖြင့် ချန်ပီယံဖြစ်မည့် ဘရာဇီးလ်အသင်းသည် ပရိသတ်(၂)သိန်းနီးပါး ရှေ့မှောက်တွင် ဥရုဂွေးကို(၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဥရုဂွေး အသင်းက ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 22

Goals scored: 88 (4 per match)

Attendance: 1,045,246 (47,511 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 26

Goals scored: 140 (5.38 per match)

Attendance: 768,607 (29,562 per match)

၁၉၅၄ ခုနှစ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ နှစ်(၅၀) ပြည့်မြောက်သည့် နှစ်နှင့် တိုက်ဆိုင်နေပြီး ဖီဖာရုံးချုပ်သည်လည်း ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် တည်ထောင်ထားသောကြောင့် ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆွစ်ဇာလန်နိုင်ငံအား ရွေးချယ်ခဲ့သည်။ ထို့ပြင် ယင်းပြိုင်ပွဲသည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ရုပ်မြင်သံကြားမှတဆင့် ကမ္ဘာတစ်ဝှမ်းသို့ ပထမဆုံးအကြိမ် ရိုက်ကူးတင်ပြခဲ့သည့် ပထမဆုံးပြိုင်ပွဲ ဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့်သို့ နိုင်ငံပေါင်း(၄၅)နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၄)သင်း ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။

ပြီးခဲ့သည့် ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမနှင့် ဒုတိယ ရခဲ့ကြသည့် ဥရုဂွေးအသင်းနှင့် ဘရာဇီးလ် အသင်းတို့မှာ အလိုအလျောက် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ထိုအချိန်က ဖီဖာဥက္ကဋ္ဌအသစ် ဖြစ်လာသည့် ဘယ်လ်ဂျီယံလူမျိုး ရိုဒိုဖယ်လ်ဆီလ်ဒရိုင်ယာက ပြိုင်ပွဲကျင်းပသည့် ပုံစံကိုလည်း ပြောင်းလဲလိုက်သည်။ ခြေစစ်ပွဲအောင် (၁၆) သင်းအား (၄)သင်းတစ်အုပ်စုခွဲကာ ကစားစေခဲ့ပြီး အုပ်စုတစ်စုစီတွင် ခေါင်အသင်း (၂)သင်းကို ထည့်သွင်းယှဉ်ပြိုင်စေခဲ့သည်။ ယင်းခေါင်အသင်း (Seeded)များသည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အပေါ် မူတည်ကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အုပ်စု (က) တွင် ဘရာဇီးလ်နှင့် ပြင်သစ်၊ အုပ်စု(ခ)တွင် ဟန်ဂေရီနှင့် တူရကီ၊ အုပ်စု(ဂ)တွင် ဥရုဂွေးနှင့် သြစတြီးယား၊ အုပ်စု(ဃ)တွင် အင်္ဂလန်နှင့် အီတလီအသင်းတို့က ခေါင်အသင်းများအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကျန်ဆီဒင်မဲ့အသင်း (၈)သင်းတို့ကို ပေါင်းကာ ယှဉ်ပြိင်စေခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် စနစ်သစ်အရ အုပ်စုအတွင်း၌ ခေါင်အဖြစ် သတ်မှတ်ခဲ့ရသည့် အသင်းနှစ်သင်းသည် ယှဉ်ပြိုင်ကစားရန် မလိုပေ။

ထို့ပြင် နောက်တစ်ဆင့် တက်ရန်အတွက် ရမှတ်တူနေပါက Play-off ထပ်မံ ကစားစေခဲ့သည်။ ယင်းပြိုင်ပွဲကြီးတွင် ဟန်ဂေရီနှင့် ဘရာဇီးလ်အသင်းတို့ ကစားခဲ့သော ကွာတားဖိုင်နယ် ပွဲစဉ်သည် အကြမ်းတမ်းဆုံး ဖြစ်ခဲကြာ ဟန်ဂေရီအသင်းမှ (၁)ဦး၊ ဘရာဇီးလ်အသင်းမှ (၂)ဦး အထုတ်ပယ်ခံခဲ့ရကာ “Battle of Berne” ဟု အမည်တွင်ခဲ့သည်။ ဒါ့အပြင် ပွဲအပြီးတွင်လည်း ဟန်ဂေရီအသင်း အ၀တ်လဲခန်း အတွင်း၌ ရန်ပွဲများ ထပ်မံဖြစ်ပွားခဲ့ချေသေးသည်။ ဆီမီးဖိုင်နယ် အဆင့်တွင် ဟန်ဂေရီက ဥရုဂွေးကို (၄-၂)ဂိုး၊ အနောက်ဂျာမနီက သြစတြီးယားကို (၆-၁)ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ ဖိုင်နယ်တွင် အနောက်ဂျာမနီ အသင်းက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ဗိုလ်စွဲမည်ဟု ထင်ကြေးပေးခံခဲ့ရသည့် ဟန်ဂေရီ အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ရယူခဲ့သည်။


ယခုတစ်ကြိမ် ပြိုင်ပွဲကိုလည်း ဥရောပတိုက်တွင် ဆက်လက် ကျင်းပခဲ့သည်။ အိမ်ရှင်အဖြစ် အာဂျင်တီးနား၊ ချီလီ၊ မက္ကဆီကိုနှင့် ဆွီဒင်နိုင်ငံတို့က ကျင်းပရန် အဆိုပြုခဲ့ကြသော်လည်း ၁၉၅၈ ကမ္ဘာ့ဖလား ပြိုင်ပွဲအား ဆွီဒင်နိုင်ငံတွင် ကျင်းပရန် ဖီဖာက ၁၉၅၀ ခုနှစ် ကတည်းက အတည်ပြု ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် ပုံစံကိုလည်း ၁၉၅၄ ခုနှစ် ပုံစံအတိုင်း မကစားစေဘဲ ယခင်ကျင်းပနေကျ ပုံစံဖြစ်သည့် အုပ်စုတွင်း အသင်းအားလုံး ပတ်လည်ယှဉ်ပြိုင်ရသည့် ပုံစံဖြင့် ပြန်လည်ကျင်းပခဲ့သည်။ ခြေစစ်ပွဲ အဆင့်သို့ အသင်းပေါင်း(၅၅)သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆိုဗီယက်ယူနီယံ အသင်းမှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ဗြိတိန်ကျွန်းစု (၄)နိုင်ငံစလုံးမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

ထို့ပြင် ယခုတစ်ကြိမ် ပြိုင်ပွဲကို ဆွီဒင်နိုင်ငံ၏ စတော့ဟုမ်း၊ ဂိုသင်ဘတ်မြို့များ အပါအ၀င် မြို့ပေါင်း (၁၂)မြို့တွင် ကျင်းပခဲ့နိုင်သောကြောင့် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် မြို့အများအပြားတွင် ကစားခဲ့သည့် စံချိန်တင်နိုင်ခဲ့သည်။ ထိုအချိန်က အာဖရိကတိုက်နှင့် အာရှတိုက်တို့မှာ ပူးတွဲခြေစစ်ပွဲ ၀င်ခဲ့ရပြီး ယင်းနေရာမှ အစ္စရေးအသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့သော်လည်း နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေ။ နောက်ဆုံးအဆင့်သို့ ဥရောပမှ (၁၂)သင်း၊ တောင်အမေရိကမှ (၃)သင်းနှင့် မြောက်အမေရိကမှ မက္ကဆီကိုတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။ ထို(၁၆)သင်းကို (၄)သင်းတစ်အုပ်စုခွဲကာ ကစားစေခဲ့ပြီး အုပ်စုပထမနှင့် ဒုတိယရ အသင်းများကိုသာ ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့သည်။

ကွာတားဖိုင်နယ်တွင် အနောက်ဂျာမနီက ယူ၈ိုဆလားဗီးယားကို (၁-၀)ဂိုး၊ အိမ်ရှင်ဆွီဒင်က ဆိုဗီယက်ယူနီယံကို (၂-၀)ဂိုး၊ ပြင်သစ်က မြောက်အိုင်ယာလန်ကို (၄-၀)ဂိုး၊ ဘရာဇီးလ်က ဝေးလ်စ်ကို(၁-၀)ဂိုးဖြင့် အသီးသီး အနိုင်ယူခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ အနောက်ဂျာမနီကို ဆွီဒင်က (၃-၁)ဂိုး၊ ဘရာဇီးလ်က ပြင်သစ်ကို(၅-၂)ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ဘရာဇီးလ်က အိမ်ရှင် ဆွီဒင်အသင်းကို (၅-၂)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ပထမဆုံးအကြိမ် ချန်ပီယံ ဆုဖလားကို ရရှိခဲ့သည်။ ကမ္ဘာ့ဘောလုံးသမိုင်းတွင် ဘောလုံးဘုရင်ဟု အမည်တွင်ခဲ့သည့် ပီလီမှာလည်း ထိုပြိုင်ပွဲနှင့်အတူ ကမ္ဘာကျော်တစ်ယောက် ဖြစ်လာခဲ့ပေသည်။ ထို့ပြင် ပြင်သစ်တိုက်စစ်မှူး ဂျက်ဖောင်တိန်မှာလည်း သွင်းဂိုး (၁၃)ဂိုးဖြင့် ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 35

Goals scored: 126 (3.6 per match)

Attendance: 819,810 (23,423 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 32

Goals scored: 89 (2.78 per match)

Attendance: 893,172 (27,912 per match)

၁၉၅၆ ခုနှစ် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တွင် ပြုလုပ်ခဲ့သော ဖီဖာကွန်ဂရက် အစည်းအဝေးပြီးနောက် အာဂျင်တီးနား၊ ချီလီနှင့် အနောက်ဂျာမနီတို့က ၁၉၆၂ ကမ္ဘာ့ဖလား အိမ်ရှင်အတွက် လျှောက်ထားခဲ့ကြသည်။ သို့ရာတွင် ယခုပြိုင်ပွဲအား (၃)ကြိမ်ဆက် ဖြစ်လာမည့် ဥရောပတိုက်တွင် မကျင်းပရေးကို ဖီဖာတာဝန်ရှိသူများက သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် အနောက်ဂျာမနီ၏ အိမ်ရှင် လျှောက်ထားမှုကို ဖီဖာက ပယ်ဖျက်ခဲ့သည်။ အာဂျင်တီးနားနှင့် ချီလီတို့တွင် ဘောလုံးယဉ်ကျေးမှု၊ အားကစားကွင်းများ အစစအရာရာတွင် အာဂျင်တီးနားက သာလွန်ခဲ့သည်။ သို့သော် ၁၉၆၀ ခုနှစ်တွင် ချီလီနိုင်ငံတွင် အင်အားကြီးမားသည့် မြေငလျင် လှုပ်ခတ်ခဲ့ပြီး အသက်အိုးအိမ်(၅၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

သို့သော် ချီလီသည် ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရန်အတွက် ဇွဲမလျှော့ခဲ့ပေ။ နောက်ဆုံးတွင်မူ ဖီဖာ၏ လေးစားမှုကို ရရှိခဲ့သည့် ချီလီနိုင်ငံအား ၁၉၆၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ခဲ့သည်။ ထိုအချိန်က ချီလီဘောလုံးဥက္ကဋ္ဌဖြစ်သူ ကားလို့စ်ဒစ်ဘွန်းက “ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားတာ ဘာမှ မရှိပါဘူး။ ဒါကပဲ ကမ္ဘာ့ဖလားကို ကျင်းပဖို့အတွက် အကြောင်းရင်းပါ” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ ယင်းပြိုင်ပွဲတွင် ရုပ်ဆိုး အကျည်းတန်ခဲ့သည့် ပွဲစဉ်တစ်ပွဲမှာ အိမ်ရှင်ချီလီအသင်းနှင့် အီတလီတို့ ကစားခဲ့သည့် အုပ်စုပွဲစဉ်ဖြစ်ပြီး “Battle of Santiago” ဟု အမည်တွင်ခဲ့ပြန်သည်။ ယခုပြိုင်ပွဲတွင် နာမည်ကျော်ခဲ့သည်က ဘရာဇီးလ်မှ ဂါရင်ချာနှင့် ဗာဗာ တိုက်စစ်အတွဲဖြစ်ပြီး နှစ်ဦးစလုံး(၄)ဂိုးစီဖြင့် ဂိုးသွင်းအများဆုံး ကစားသမားစာရင်း ၀င်ခဲ့သည်။

ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ချီလီနှင့် ဘရာဇီးလ်တို့ ဆုံတွေ့ခဲ့ပြီး ခြေစွမ်းပြနေသည့် ဂါရင်ချာ-ဗာဗာတို့က (၂)ဂိုးစီ သွင်းယူပြီး (၄-၂)ဂိုးဖြင့် အိမ်ရှင်အသင်းကို အနိုင်ရရှိခဲ့သည်။ ကျန်ဆီမီးဖိုင်နယ် ပွဲစဉ်တွင်မူ ချက်ကိုစလိုဗက်ကီးယား အသင်းက ယူဂိုဆလားဗီးယား အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ တတိယနေရာကို အိမ်ရှင် ချီလီအသင်းက ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် ဘရာဇီးလ်အသင်းက ချက်ကိုစလိုဗက်ကီးယား အသင်းကို (၁)ဂိုးရှုံးနိမ့်နေရာမှ (၃)ဂိုးပြန်သွင်းကာ ဂျူးရီမက် ဆုဖလားကို ဒုတိယအကြိမ်မြောက် ရရှိခဲ့သည်။ ထို့ကြောင့် ဘရာဇီးလ်အသင်းသည် အီတလီအသင်းပြီးနောက် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့် ဒုတိယမြောက်အသင်း ဖြစ်လာခဲ့သည်။


၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုမူ ဥရောပတိုက်တွင် ပြန်လည်ကျင်းပခွင့် ရရှိခဲ့ပြီး အိမ်ရှင်အဖြစ် ဘောလုံးဘိုးအေနိုင်ငံဟု တစ်ကမ္ဘာလုံးက သတ်မှတ်ထားသည့် အင်္ဂလန်နိုင်ငံက ကျင်းပခွင့် ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင်မူ တားမြစ်ဆေး သုံးစွဲခြင်း ရှိ၊ မရှိနှင့် နှစ်နိုင်ငံ ကစားခွင့်ရှိသည့် ကစားသမား (Naturalisation of players)များကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းတို့ကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲမစတင်မီ (၃)လ အလိုတွင် ဂျူးရီးမက် ဆုဖလား ပျောက်ဆုံးခဲ့မှုကြောင့် ပုံတူ ဆုဖလားအသစ် တစ်ခုကို ပြုလုပ်ခဲ့ရသည်။ သို့သော် ‘ပစ်ကယ်’ ဟုခေါ်သော ခွေးလေးတစ်ကောင်ကြောင့် ပြန်ရှာတွေ့ခဲ့ပြီး ယင်းဖြစ်ရပ်သည်လည်း ကမ္ဘာကျော်ခဲ့သည်။ ခြေစစ်ပွဲသို့ နိုင်ငံပေါင်း(၇၀) ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လက်ရှိ ချန်ပီယံ ဘရာဇီးလ် အသင်းမှာမူ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဟန်ဂေရီ၊ ပေါ်တူဂီ အသင်းတို့ကို အရှုံးပေးခဲ့ရကာ အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသည်။

ယင်းပြိုင်ပွဲတွင် ခြေစွမ်းအပြနိုင်ဆုံး ကစားသမားမှာ ‘ပုလဲနက်’ ဟု ကမ္ဘာကျော်ခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး အူဆီဘီယိုပင် ဖြစ်သည်။ အူဆီဘီယိုသည် အုပ်စုတွင်း၌ လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းအား အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့သည့်အပြင် ပြိုင်ပွဲအပြီးတွင် သွင်းဂိုး (၉)ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ထို့ပြင် အာရှတိုက်မှ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြောက်ကိုရီးယား အသင်းမှာလည်း အုပ်စုတွင်း၌ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် အင်အားကြီး အီတလီအသင်းကို အံ့သြဖွယ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းသည်လည်း ယင်းပြိုင်ပွဲ၏ Shock ဖြစ်ရပ် တစ်ခုအဖြစ် ကျန်ရှိခဲ့သည်။

ဆီမီးဖိုင်နယ်တွင် ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံး ပုံစံရနေသည့် ပေါ်တူဂီအသင်းသည် အိမ်ရှင် အင်္ဂလန်အသင်းကိုမူ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိဘဲ (၂-၁)ဂိုးဖြင့် အရှုံးပေးခဲ့သည်။ အခြား ဆီမီးပွဲစဉ်တွင်မူ အနောက်ဂျာမနီနှင့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား လက်ဗ်ယာရှင် ပါဝင်သည့် ဆိုဗီယက်ယူနီယံတို့ ဆုံတွေ့ခဲ့ကြပြီး အနောက် ဂျာမနီအသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် မိနစ်(၉၀)ထိ (၂-၂)ဂိုးစီ သရေကျနေသောကြောင့် အချိန်ပို ဆက်လက် ကစားခဲ့ရသည်။ အချိန်ပို (၁၀၁)မိနစ် အရောက်တွင် အင်္ဂလန်တိုက်စစ်မှူး ဂျော့ဟတ်စ် ကန်သွင်းယူလိုက်သော ဂိုးမှာ ဂိုးစည်း မကျော်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ခဲ့သည်။ ပွဲအပြီးတွင် အင်္ဂလန်အသင်းက(၄-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပထမဆုံးအကြိမ် ဂျူးရီးမက် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး တိုက်စစ်မှူး ဂျော့ဟတ်စ်သည်လည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် Hat-trick သွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 32

Goals scored: 89 (2.78 per match)

Attendance: 1,563,135 (48,848 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 32

Goals scored: 95 (2.97 per match)

Attendance: 1,604,065 (50,127 per match)

၁၉၇၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုမူ အလှည့်ကျ ကျင်းပနေသည့် တောင်အမေရိကနှင့် ဥရောပတိုက်တို့တွင် မကျင်းပတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုနိုင်ငံတွင် ပြောင်းလဲ ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲအား ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲဟု သတ်မှတ်နိုင်သည်။ ပြီးခဲ့သည့် ပြိုင်ပွဲများတွင် တစ်ကြိမ် တစ်ခါမှ မကျင့်သုံးခဲ့သော လူစားလဲခြင်းကို ပထမဆုံးအကြိမ်အဖြစ် ကျင့်သုံးခဲ့သည်။ သို့သော် ထိုအချိန်က အသင်း(၁)သင်းလျှင် ကစားသမား (၂)ယောက်သာ လဲလှယ်ခွင့် ရှိခဲ့သည်။ ပြစ်ဒဏ်ကျူးလွန်သော ကစားသမားများကို အ၀ါကတ်၊ အနီကတ် ပြသကာ သတိပေးသည့် ဥပဒေကိုလည်း ဖီဖာကွန်ဂရက်က ယင်းပြိုင်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့သည်။ သို့ရာတွင် မည်သည့်ကစားသမား တစ်ဦးမှ အနီကတ် ပြသခံရခြင်း မရှိခဲ့ပေ။ ယခုမျက်မှောက် ဘောလုံးလောက၏ ပြိုင်ပွဲတိုင်းတွင် ထည့်သွင်းလာပြီး အသင်းကြီး၊ အသင်းငယ် မည်သည့် အသင်းမဆို ပိုင်ဆိုင်နိုင်ခွင့်ရှိသည့် အသန့်ရှင်းဆုံး အသင်းဆု (Fair Play Award)ကိုလည်း ပထမဆုံး အကြိမ်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကျင့်သုံးခဲ့သည့် အုပ်စုတွင်း၌ အသင်းများ ရလဒ်တူနေပါက Play-offs ထပ်မံ ကစားစေခြင်း၊ ပျမ်းမျှ သွင်းဂိုးနှုန်း (Goal average)ဖြင့် ဆုံးဖြတ်ခြင်းများအစား ဂိုးကွာခြားချက် (Goal difference) ဖြင့် ဆုံးဖြတ်သည့် ဥပဒေကိုလည်း ယင်းပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ကျင့်သုံးခဲ့သည်။ အဖြူ၊ အမည်း ရုပ်သံမှ ကာလာရုပ်သံ (televised in colour)သို့ ပထမဆုံးအကြိမ် ပြောင်းလဲခဲ့သော ပြိုင်ပွဲလည်း ဖြစ်သည်။ သို့ရာတွင် ရုပ်သံကြည့်ရှုနှုန်း အမြင့်ဆုံးဖြစ်သည့် ဥရောပတိုက်သားများအတွက် ဥရောပစံတော်ချိန်နှင့် ကိုက်ညီစေရန် ပွဲစဉ်အချို့ကို နေ့ခင်းပိုင်းတွင် ကျင်းပခဲ့သောကြောင့် မက္ကဆီကိုနိုင်ငံ၏ အပူဒဏ်ကို အသင်းအများစု ခံခဲ့ရသည်က အားနည်းချက် ဖြစ်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် ဘရာဇီးလ်တိုက်စစ်မှူး ပီလီနှင့် အနောက်ဂျာမနီ အသင်းခေါင်းဆောင် အူဝီဆီလာတို့သည် ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲတိုင်း (၁၉၅၈-၁၉၇၀ ထိ လေးကြိမ်ဆက်) ၌ အနည်းဆုံး သွင်းဂိုး (၁)ဂိုးနှုန်း သွင်းယူပေးနိုင်ခဲ့သည့် စံချိန် ရရှိခဲ့သည်။ ယင်းပြိုင်ပွဲ၏ ချန်ပီယံဆုကို ဘရာဇီးလ်အသင်းက ဆွတ်ခူးရရှိခဲ့ပြီး ဂျူးရီးမက် ဆုဖလား အပိုင်ရရှိခဲ့ကာ ပီလီမှာလည်း ကမ္ဘာ့ဖလား (၃)ကြိမ် ရဖူးသည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။


ဂျူးရီးမက် ဆုဖလားအား ဘရာဇီးလ်အသင်းထံ အပိုင်ပေးအပ်ပြီးနောက် ဂျူးရီမက် ဖလားပြိုင်ပွဲ (Jules Rimet Trophy) အမည်ကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ (FIFA World Cup Trophy) ဟု ပြောင်းလဲအမည်ပေးခဲ့ပြီး အနောက်ဂျာမနီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ အရှေ့ဂျာမနီ အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာပြီး ဟေတီ၊ ဇိုင်ယာ၊ သြစတြေးလျတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် ပြိုင်ပွဲကျင်းပပုံကို ပြောင်းလဲထားပြီး ခြေစစ်ပွဲအောင် (၁၆)သင်းအား ပထမအဆင့်အဖြစ် (၄)သင်း တစ်အုပ်စုဖြင့် (၄)အုပ်စုခွဲ ယှဉ်ပြိုင်စေသည်။ ယင်းပထမအဆင့် အုပ်စု(၄)စုမှ ပထမနှင့် ဒုတိယရ အသင်း(၈)သင်းကို (၄)သင်းတစ်အုပ်စုခွဲကာ ထပ်မံ ကစားစေသည်။ ယခင်ပြိုင်ပွဲများကဲ့သို့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပုံစံ မကစားဘဲ ဒုတိယအဆင့် အုပ်စု(၂)စုမှ ဒုတိယရ အသင်းများက တတိယနေရာလုပွဲနှင့် ပထမရ အသင်းများက ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားစေခဲ့သည်။

ဂျူးရီးမက် ဆုဖလားကို အပိုင်သိမ်းပိုက်နိုင်ခဲ့သည့် လက်ရှိချန်ပီယံ ဘရာဇီးလ် အသင်းမှာ ဒုတိယအဆင့်တွင် (၂)ပွဲ အနိုင်ရထားသော်လည်း အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ဟော်လန်အသင်းကို (၂-၀)ဂိုးဖြင့် အရှုံးပေးခဲ့ရသဖြင့် တတိယနေရာလုပွဲသာ ကစားခဲ့ရသည်။ ဟော်လန်အသင်း၏ “Total Football” ကစားဟန်သည်လည်း ကမ္ဘာ့ဘောလုံး သုတေသီများနှင့် ကမ္ဘာ့ဘောလုံး ပရိသတ်တို့ကို ဖျော်ဖြေမှု အပြည့်အ၀ ပေးနိုင်ခဲ့သည်။ ထိုအချိန်မှစကာ ဟော်လန်အသင်းသည် ကမ္ဘာ့ဘောလုံး စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့ပြီး ဂျိုဟန်ခရိုက်ဖ်သည်လည်း ဟော်လန်ဂန္ထ၀င် တစ်ယောက် ဖြစ်လာခဲ့သည်။ ကျန်အုပ်စုတွင် ပထမနေရာ ရခဲ့သည့် အိမ်ရှင် အနောက်ဂျာမနီနှင့် ဟော်လန်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ကစားခဲ့ရပြီး အနောက်ဂျာမနီ အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် အနောက်ဂျာမနီ အသင်းက အီတလီ ပန်းပုဆရာ ဆယ်လ်ဘီယိုဂတ်ဇာနီဂါ ဖန်တီးခဲ့သည့် ကမ္ဘာ့ဖလားဆု အသစ်ကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ရရှိခဲ့သည်။ ယင်းပြိုင်ပွဲ၌ ချီလီကစားသမား ကားလို့စ်ကတ်ဇာလီမှာ ကမ္ဘာ့ဖလား သမိုင်းတွင် ပထမဆုံး အနီကတ် ပြသခံခဲ့ရသည့် ကစားသမား ဖြစ်လာခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 38

Goals scored: 97 (2.55 per match)

Attendance: 1,865,762 (49,099 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 38

Goals scored: 102 (2.68 per match)

Attendance: 1,545,791 (40,679 per match)

ယခုတစ်ကြိမ် ပြိုင်ပွဲကို အာဂျင်တီးနားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး နိုင်ငံပေါင်း (၁၀၇)နိုင်ငံ ခြေစစ်ပွဲ ၀င်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၁၉၇၄ ကမ္ဘာ့ဖလားတွင် ခြေစစ်ပွဲ မအောင်မြင်ခဲ့သော အင်္ဂလန် အသင်းမှာ ယခုတစ်ကြိမ်၌လည်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ။ ပြိုင်ပွဲကျင်းပသည့် ပုံစံမှာ ၁၉၇၄ ခုနှစ် အတိုင်းပင်ဖြစ်သည်။ ပထမအဆင့် အုပ်စု(က)တွင် အိမ်ရှင် အာဂျင်တီးနားနှင့် အီတလီ၊ အုပ်စု(ခ)တွင် ပိုလန်အသင်းက လက်ရှိချန်ပီယံ အနောက်ဂျာမနီကို ကျော်ဖြတ်ကာ အုပ်စုပထမ ရခဲ့ပြီး အနောက်ဂျာမနီ အသင်းမှာမူ ဒုတိယသာ ရရှိခဲ့သည်။ အုပ်စု(ဂ)တွင် သြစတြီးယား အသင်းနှင့် ဘရာဇီးလ် အသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(ဃ)တွင် ပီရူးအသင်းက ပထမ၊ ဟော်လန်အသင်းက ဒုတိယ ရရှိခဲ့သည်။ ဒုတိယအဆင့် အုပ်စု(က)တွင် ဟော်လန်၊ အနောက်ဂျာမနီ၊ အီတလီနှင့် သြစတြီးယား အသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး လက်ရှိချန်ပီယံ အနောက်ဂျာမနီ အသင်းမှာမူ ထိုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။

ယင်းအုပ်စုတွင် ဟော်လန်အသင်းက ပထမနှင့် အီတလီအသင်းက ဒုတိယ ရရှိခဲ့သည်။ ကျန်အုပ်စုတွင် ပိုလန်မှလွဲ၍ တောင်အမေရိက အသင်းများ ဖြစ်သည့် ဘရာဇီးလ်၊ အာဂျင်တီးနားနှင့် ပီရူးတို့ ကျရောက်ခဲ့ပြီး အာဂျင်တီးနားက ရမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် အုပ်စု ပထမနေရာ ရရှိခဲ့ပြီး ဘရာဇီးလ်အသင်းက ဒုတိယ ရရှိခဲ့သည်။ ထို့ကြောင့် တတိယနေရာလုပွဲကို ဘရာဇီးလ်နှင့် အီတလီတို့ ကစားခဲ့ရပြီး ဘရာဇီးလ် အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲတွင် ဟော်လန်အသင်းနှင့် အိမ်ရှင် အာဂျင်တီးနား အသင်းတို့သည် မိနစ်(၉၀)ထိ (၁)ဂိုးစီ သရေကျနေသောကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရသည်။ အချိန်ပို (၁၀၄)မိနစ် အရောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မာရီယိုကမ်းပတ်စ်က အနိုင်ဂိုး သွင်းယူခဲ့ကာ ပွဲအပြီးတွင် (၃-၁)ဂိုးဖြင့် ဟော်လန်အသင်းအား အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ဟော်လန်အသင်းမှာမူ ဗိုလ်လုပွဲသို့ (၂)နှစ်ဆက် တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရပြန်သည်။ ယင်းပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကို အာဂျင်တီးနား တိုက်စစ်မှူး မာရီယိုကမ်းပတ်စ်က ရရှိခဲ့ပြီး အသန့်ရှင်းဆုံး အသင်းဆုကိုလည်း အာဂျင်တီးနား အသင်းကသာ ရရှိခဲ့သည်။


၁၉၈၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို စပိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြို့ပေါင်း (၁၄)မြို့ရှိ ကစားကွင်း (၁၇)ကွင်း၌ ကျင်းပပြုလုပ်ခဲ့သောကြောင့် ကျင်းပခဲ့ပြီးသမျှ ပြိုင်ပွဲများတွင် ကွင်းနှင့် မြို့အရေအတွက် အများဆုံး ဖြစ်ခဲ့သည်။ ခြေစစ်ပွဲသို့ နိုင်ငံပေါင်း (၁၀၉)နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပုံမှန်ခြေစစ်ပွဲအောင် (၁၆)သင်းမှ (၂၄)သင်းသို့ ပထမဆုံးအကြိမ် တိုးမြှင့်ခဲ့သည်။ အာဖရိကနှင့် အာရှမှ အသင်းများကိုလည်း ယခင်အကြိမ်များထက် ပိုမို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့သည်။ ပြိုင်ပွဲဝင် အသင်းများကို တိုးမြှင့်ခဲ့ပြီး ကျင်းပသည့် ပုံစံကိုလည်း ပြောင်းလဲခဲ့သည်။

ပထမအဆင့်တွင် ယင်း(၂၄)သင်းအား (၄)သင်း (၆)အုပ်စု ခွဲကာကစားစေခဲ့သည်။ ထိုမှ အုပ်စုပထမနှင့် ဒုတိယရ အသင်းများကို ဒုတိယအဆင့်တွင် (၃)သင်း၊ (၄)အုပ်စုခွဲကာ ထပ်မံ ယှဉ်ပြိုင်စေခဲ့သည်။ ယင်းဒုတိယအဆင့်တွင် ပထမရရှိခဲ့သည့် အသင်း(၄)သင်းကို ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ကစားစေသည့် ပုံစံကို သုံးစွဲခဲ့သည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခြင်းကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း လက်ရှိချန်ပီယံ အာဂျင်တီးနား အသင်းမှာ ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ဘဲ ဒုတိယအဆင့် အုပ်စုပတ်လည်တွင် အီတလီအသင်းအား (၂-၁)ဂိုး၊ ဘရာဇီးလ် အသင်းအား (၃-၁)ဂိုးဖြင့်ရှုံးကာ လှည့်ပြန်ခဲ့ရသည်။ ယင်းပြိုင်ပွဲတွင် ရုပ်ဆိုး အကျည်းတန်ခဲ့ရသည့် ဖြစ်ရပ်မှာ ပထမအဆင့် အုပ်စု(ခ)တွင် အနောက်ဂျာမနီနှင့် သြစတြီးယားအသင်းတို့ ပေါင်းကာ အယ်လ်ဂျီးရီးယား အသင်းကို ဖြုတ်ချခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။ ယင်းအုပ်စုတွင် အနောက်ဂျာမနီ အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် အိမ်နီးချင်း သြစတြီးယားနှင့် တွေ့ဆုံခဲ့ပြီး အနိုင်ရရှိမှသာ နောက်တစ်ဆင့် တက်ရောက်နိုင်မည်ဖြစ်ရာ သြစတြီးယား အသင်းက အရှုံးကစားခဲ့သည်။ ထို့ကြောင့် အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က ဖီဖာသို့ ယင်းပွဲနှင့် ပတ်သက်ပြီး ကန့်ကွက်စာ တင်ခဲ့သော်လည်း ဖီဖာက မည်သည့် အရေးယူမှုမှ မပြုလုပ်ခဲ့ချေ။

ဆီမီးဖိုင်နယ်တွင် အီတလီအသင်းမှာ ပိုလန်အသင်းကို တိုက်စစ်မှူး ပေါ်လိုရော့စီ၏ သွင်းဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကျန်ဆီမီးပွဲစဉ်တွင် ရူမင်နစ်ဂီ ပါဝင်သော အနောက်ဂျာမနီနှင့် ပလာတီနီ ပါဝင်သော ပြင်သစ်အသင်းတို့ ဆုံတွေ့ခဲ့ရာ အချိန်ပိုအထိ (၃-၃) ဂိုးစီ သရေကျခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင် အနောက်ဂျာမနီက (၅-၄)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် အနောက်ဂျာမနီ အသင်းမှာ အီတလီအသင်း၏ တိုက်စစ်စွမ်းရည်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ (၃-၁)ဂိုးဖြင့် အရှုံးပေးခဲ့ရပြီး အီတလီအသင်းသည် ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ရရှိခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 52

Goals scored: 146 (2.81 per match)

Attendance: 2,109,723 (40,572 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 52

Goals scored: 132 (2.54 per match)

Attendance: 2,394,031 (46,039 per match)

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကိုနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ်မြောက် ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကျင်းပပုံကိုလည်း အနည်းငယ် ထပ်မံပြောင်းလဲခဲ့သည်။ ပထမအဆင့် အုပ်စုပတ်လည်တွင် (၄)သင်း (၆)အုပ်စု ကစားခြင်းကို မပြောင်းလဲခဲ့သော်လည်း ဒုတိယ အဆင့်တွင်မူ အုပ်စုပတ်လည် မကစားစေတော့ဘဲ ရှုံးထွက်အဆင့်အဖြစ် ဆက်လက်ယှဉ်ပြိုင် စေခဲ့သည်။ အုပ်စု (၁)ခုစီမှ ပထမနှင့် ဒုတိယ (၂)သင်းအပြင် အကောင်းဆုံး အုပ်စုတတိယ (၄)သင်း စုစုပေါင်း (၁၆)သင်းမှာ ရှုံးထွက်ပုံစံ ကစားခဲ့ရခြင်း ဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ၁၉၈၂ ခုနှစ်က ဖောက်ကလန်ကျွန်း စစ်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် နှစ်နိုင်ငံ တင်းမာခဲ့သည့် အင်္ဂလန် အသင်းနှင့် အာဂျင်တီးနားတို့ ဆုံတွေ့ခဲ့ကြသည်။

ယင်းပွဲစဉ်တွင် အာဂျင်တီးနား တိုက်စစ်မှူး မာရာဒိုနာမှာ ၇၅ ကိုက် အကွာမှ အင်္ဂလန်အသင်း နောက်တန်းလူများနှင့် ဂိုးသမား ပီတာရှယ်လ်တန်ကိုပါ လိမ်ခေါက်သွင်းယူခဲ့သည့်ဂိုးနှင့် လက်နှင့်ပုတ်ကာ သွင်းယူခဲ့သော သွင်းဂိုးများကြောင့် ယခုအချိန်အထိ ကမ္ဘာ့ဘောလုံး သမိုင်းတွင် ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ နောက်ပိုင်းတွင် မာရာဒိုနာကလည်း ‘ဘုရားပေးသောလက်’ ဟု ဖွင့်ဟ ၀န်ခံခဲ့သည်။ ယင်းပွဲမှလွဲ၍ ကျန်ကွာတားဖိုင်နယ် (၃)ပွဲစလုံး ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် အနောက်ဂျာမနီတို့ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့ကြသည်။ ဆီမီးဖိုင်နယ်၌ အာဂျင်တီးနားအသင်းက ဘယ်လ်ဂျီယံအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းအနိုင်ဂိုး (၂)ဂိုးစလုံးကို မာရာဒိုနာက သွင်းယူပေးခဲ့သည်။

ကျန်ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အနောက်ဂျာမနီ အသင်းက ပြင်သစ်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ (၅)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် အာဂျင်တီးနား အသင်းက (၂-၀)ဂိုးဖြင့် ဦးဆောင်နေခဲ့ကာ အနောက်ဂျာမနီ အသင်းက ပွဲချိန်(၇၄) နှင့် (၈၀)မိနစ်များတွင် ချေပဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း (၈၃)မိနစ်တွင် အာဂျင်တီးနား အသင်း၏ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရသည်။ အနောက်ဂျာမနီ အသင်းမှာ (၂) နှစ်ဆက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။ အာဂျင်တီးနား အသင်းမှာလည်း ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ပြီး တိုက်စစ်မှူး မာရာဒိုနာမှာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့သည်။ ဂိုးသွင်းအများဆုံး ကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက ရရှိခဲ့ပြီး အသန့်ရှင်းဆုံးဆုကို ဘရာဇီးလ်အသင်းက ရရှိခဲ့သည်။


၁၉၉၀ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် အီတလီနိုင်ငံက ကျင်းပခွင့် ရရှိခဲ့ပြီး မက္ကဆီကိုနိုင်ငံပြီးလျှင် ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် ပုံစံကိုလည်း ပြီးခဲ့သည့် ၁၉၈၆ ခုနှစ် ပုံစံအတိုင်း ကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၁၁၆)နိုင်ငံ ခြေစစ်ပွဲ ကစားခဲ့ပြီး ကော်စတာရီကာ၊ အိုင်ယာလန်နှင့် UAE အသင်းတို့ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ အိမ်ရှင် အီတလီနှင့် လက်ရှိချန်ပီယံ အာဂျင်တီးနား အသင်းတို့မှာ အလိုအလျောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ခြေစစ်ပွဲအောင် (၂၂)သင်းနှင့် ပေါင်းကာ စုစုပေါင်း (၂၄)သင်းကို နောက်ဆုံးအဆင့်၌ (၄)သင်း (၆)အုပ်စုခွဲ ယှဉ်ပြိုင်စေခဲ့သည်။

၁၉၈၆ ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည့် အာဂျင်တီးနား တိုက်စစ်မှူး မာရာဒိုနာမှာ ပြိုင်ပွဲမတိုင်ခင် ဒူးဒဏ်ရာ အကြီးအကျယ် ရရှိခဲ့သောကြောင့် ယခင်အကြိမ်လောက် ခြေစွမ်းမပြနိုင်ခဲ့ပေ။ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အိုင်ယာလန်အသင်းမှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင် အီတလီ အသင်းကို (၁-၀)ဂိုးဖြင့် ရှုံးနိမ့်၍သာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ကျန်ကွာတားပွဲစဉ်များတွင် အနောက်ဂျာမနီက ချက်ကိုစလိုဗက်ကီးယားကို(၁-၀)ဂိုး၊ အင်္ဂလန်အသင်းနှင့် ကင်မရွန်းတို့ ပွဲစဉ်တွင် မိနစ်(၉၀)ထိ (၂-၂)ဂိုးဖြင့် သရေကျနေပြီး အချိန်ပိုတွင် လိုင်နီကာက အနိုင်ဂိုး သွင်းယူပေးခဲ့သည်။ အာဂျင်တီးနားနှင့် ယူဂိုဆလားဗီးယား ပွဲစဉ်တွင်မူ အချိန်ပိုထိ ဂိုးမရှိ သရေကျနေသောကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အာဂျင်တီးနား အသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အီတလီနှင့် အာဂျင်တီးနား၊ အနောက်ဂျာမနီနှင့် အင်္ဂလန်တို့ ဆုံတွေ့ခဲ့ကြပြီး ထို(၂)ပွဲစလုံး အချိန်ပိုအထိ(၁)ဂိုးစီ သရေကျနေခဲ့သောကြောင့် ပယ်နယ်တီအ ဆုံးအဖြတ် ခံယူခဲ့ရသည်။

အိမ်ရှင်အီတလီနှင့် အင်္ဂလန်အသင်းတို့မှာ ပယ်နယ်တီ အဆုံးအဖြတ်များတွင် ရှုံးနိမ့်ခဲ့ရပြီး တတိယနေရာလုပွဲနှင့်သာ ကျေနပ်ခဲ့ရသည်။ အိမ်ရှင် အီတလီ အသင်းမှာ အင်္ဂလန် အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရကာ တတိယဆုကို ရယူနိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် ပြီးခဲ့သည့် ၁၉၈၆ ဖိုင်နယ်ပွဲစဉ်အတိုင်း အနောက်ဂျာမနီ အသင်းနှင့် အာဂျင်တီးနား အသင်းတို့ ပြန်လည်ဆုံတွေ့ခဲ့ပြီး အနောက်ဂျာမနီ အသင်းက (၁)လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဂျင်တီးနား အသင်းအား ၁၉၈၆ ကမ္ဘာ့ဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။ ယင်းကမ္ဘာ့ဖလားမှာ အနောက်ဂျာမနီ အသင်းအတွက် တတိယအကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 52

Goals scored: 115 (2.21 per match)

Attendance: 2,516,215 (48,389 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 52

Goals scored: 141 (2.71 per match)

Attendance: 3,587,538 (68,991 per match)

၁၉၉၄ ကမ္ဘာ့ဖလားကို အမေရိကန်နိုင်ငံတွင် ကျင်းပရန် ဖီဖာကွန်ဂရက်က ၁၉၈၈ ခုနှစ်ကတည်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သော်လည်း တစ်ပွဲပျမ်းမျှ ပရိသတ် (၆၉၀၀၀)ခန့်ရှိကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုသူ ဦးရေမှာ (၃ .၆)သန်းအထိ ရှိခဲ့သည်။ ယင်းစံချိန်သည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံး စံချိန်တစ်ခုအဖြစ် ရှိနေခဲ့ခြင်းဖြစ်ပြီး ၁၉၉၄ နောက်ပိုင်းတွင် ပြိုင်ပွဲဝင် အသင်းကို (၂၄)သင်းမှ (၃၂)သင်းအထိ တိုးမြှင့်ခဲ့သော်လည်း ယင်းစံချိန်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ၁၉၃၀ ကမ္ဘာ့ဖလားမှ စ၍ ၁၉၉၀ ကမ္ဘာ့ဖလားအထိ အုပ်စုအဆင့် ပွဲစဉ်များတွင် တစ်ပွဲနိုင်လျှင် ရမှတ် (၂)မှတ်ပေးသည့် စနစ်အစား တစ်ပွဲနိုင် ရမှတ်(၃)မှတ်ပေးသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

ယခင်က ကစားသမားများ၏ ၀တ်စုံတွင် ကျောနံပါတ်သာ တပ်ခဲ့ပြီး ယခုအကြိမ်မှ စတင်ကာ ကျောနံပါတ်အပြင် ကစားသမား အမည်ကိုပါ ထည့်သွင်းလာခဲ့သည်။ ယခု ပြိုင်ပွဲတွင် တစ်ဦးချင်း ပေးအပ်ခဲ့သည့် ဆုတံဆိပ်မှာလည်း ယခင်ပြိုင်ပွဲများထက် ပိုမို များပြားလာခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆု (Lev Yashin Award) ကိုပါ ချီးမြှင့်ခဲ့သည်။ ပထမဆုံး အကြိမ်အဖြစ် ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားများကို စုစည်းကာ အကောင်းဆုံး (All -Stars)အသင်းကိုလည်း ပထမဆုံးအကြိမ် ရွေးချယ် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ် ပြိုင်ပွဲသည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အကောင်းဆုံးပြိုင်ပွဲများထဲတွင် တစ်ခု ဖြစ်ခဲ့သည်။

ထို့ပြင် ကိုလံဘီယာနှင့် အမေရိကန် အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့သည့် ကိုလံဘီယာ နောက်ခံလူ အက်စ်ကိုဘာမှာ ကိုလံဘီယာနိုင်ငံသို့ ပြန်ရောက်လာချိန်တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသည်။ ဘရာဇီးလ်နှင့် အီတလီတို့ ဆုံတွေ့ခဲ့သည့် ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရပြီး ဘက်ဂီယို၏ ကန်ချက်လွဲချော်ခဲ့သောကြောင့် ဘရာဇီးလ်က (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဘရာဇီးလ် အသင်းမှာ ကမ္ဘာ့ဖလား၏ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပြီး တိုက်စစ်မှူး ရိုမာရီယိုက အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်။ ဂိုးသွင်းအများဆုံးဆုကို ရုရှားတိုက်စစ်မှူး ဆာလင်ကိုနှင့် ဘူလ်ဂေးရီးယား တိုက်စစ်မှူး စတွိုင်ကော့ဗ်တို့ ပူးတွဲရရှိခဲ့သည်။


ပိုင်ပွဲဝင်အသင်း (၂၄)သင်းမှ (၃၂)သင်းအထိ တိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ခြေစစ်ပွဲကို နိုင်ငံပေါင်း (၁၇၄)သင်း ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင် (၃၂)သင်းကို (၄)သင်း (၈)အုပ်စု ခွဲကစားစေခဲ့သည်။ အုပ်စု တစ်စုဆီမှ ပထမနှင့် ဒုတိယရ အသင်းများကို ရှုံးထွက်(၁၆)သင်း အဆင့်သို့ ထပ်မံ ကစားစေခဲ့သည်။ ရှုံးထွက် ပွဲစဉ်များတွင် မိနစ်(၉၀)အထိ သရေကျနေပါက အချိန်ပိုတွင် အနိုင်ဂိုး သွင်းယူနိုင်သည့် အသင်းအား အနိုင်ပေးသည့် ‘ရွှေဂိုး’ စနစ်ကိုလည်း စတင်သုံးစွဲခဲ့သည်။

အုပ်စု(က)တွင် ဘရာဇီးလ်နှင့် နော်ဝေ၊ အုပ်စု(ခ)တွင် အီတလီနှင့် ချီလီ၊ အုပ်စု(၈)တွင် အိမ်ရှင် ပြင်သစ်နှင့် ဒိန်းမတ်၊ အုပ်စု(ဃ)တွင် နိုက်ဂျီးရီးယားနှင့် ပါရာဂွေး၊ အုပ်စု(င)တွင် ဟော်လန်နှင့် မက္ကဆီကို၊ အုပ်စု(စ)တွင် ဂျာမနီနှင့် ယူဂိုဆလားဗီးယား၊ အုပ်စု(ဆ)၌ ကိုလံဘီယာနှင့် အင်္ဂလန်၊ အုပ်စု(ဇ)တွင် အာဂျင်တီးနားနှင့် ခရိုအေးရှား အသင်းတို့ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်များထဲမှ ပြင်သစ်နှင့် ပါရာဂွေး အသင်းတို့၏ ပွဲစဉ်သည် မိနစ်(၉၀)ထိ ဂိုးမရှိသရေကျနေပြီး အချိန်ပို ဆက်လက်ကစားရာတွင် (၁၁၃)မိနစ်၌ လောရင့်ဘလန့်က နိုင်ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလား သမိုင်းတွင် ပထမဆုံး ရွှေဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

နာမည်ကြီး အင်္ဂလန် အသင်းမှာလည်း အာဂျင်တီးနားကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ထိုအဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ၀င်ပြိုင်သည့် နှစ်မှာပင် ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ခရိုအေးရှား အသင်းမှာ အံ့သြဖွယ် ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူး ဒေဗာဆူကာမှာလည်း ဂိုးသွင်းဘုရင်ဆု ရရှိခဲ့သည်။ ထို့အပြင် ခရိုအေးရှားအသင်းမှာ ကွာတားဖိုင်နယ်တွင် ဂျာမနီ အသင်းကို (၃-၀)ဂိုးဖြင့် နိုင်ခဲ့ပြီး ဆီမီးတွင် ပြင်သစ်ကို ရှုံးနိမ့်ခဲ့သောကြောင့် တတိယနေရာ လုပွဲနှင့်သာ ကျေနပ်ခဲ့ရသည်။ သို့ရာတွင် ခရိုအေးရှား အသင်းမှာ တတိယနေရာလုပွဲတွင် ဟော်လန်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် အိမ်ရှင်ပြင်သစ်အသင်းက လက်ရှိ ချန်ပီယံ ဘရာဇီးလ် အသင်းကို (၃-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 64

Goals scored: 171 (2.67 per match)

Attendance: 2,784,687 (43,511 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 64

Goals scored: 161 (2.52 per match)

Attendance: 2,705,197 (42,269 per match)

အာရှတိုက်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့ကြသည်။ ထို့ကြောင့် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် (၂)နိုင်ငံ ပူးတွဲကျင်းပသည့် ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်ရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၉၉)နိုင်ငံ ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆလိုဗေးနီးယား၊ အီကွေဒေါ၊ ဆီနီဂေါနှင့် တရုတ်တို့ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။ လက်ရှိချန်ပီယံဖြစ်သည့် ပြင်သစ်အသင်းမှာ အုပ်စုအဖွင့် ပွဲစဉ်တွင် ဆီနီဂေါ အသင်းနှင့် ဆုံတွေ့ခဲ့ရာ (၀-၁)ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သလို၊ ဥရုဂွေး အသင်းနှင့်သရေ၊ ဒိန်းမတ်အသင်းကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရမှတ်(၁)မှတ်သာ ရရှိခဲ့ကာ ပြိုင်ပွဲမှ အရှက်တကွဲ ထွက်ခွာခဲ့ရသည်။

ထို့အပြင် ဂျာမနီအသင်းက အုပ်စုအဆင့်တွင် ဆော်ဒီအာရေဗျ အသင်းကို (၈-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲမှာလည်း ဂိုးအပြတ်ဆုံး ဖြစ်ခဲ့သလို၊ အဆိုပါပွဲတွင် ဟတ်ထရစ် သွင်းယူခဲ့သည့် ကလိုဆေးမှာလည်း ကျော်ကြားလာခဲ့သည်။ ရှုံးထွက်အဆင့် ပွဲစဉ်များတွင် အငြင်းပွားဖွယ်ရာများနှင့် ပြီးဆုံးခဲ့သည့် ပွဲစဉ်မှာ အိမ်ရှင် တောင်ကိုရီးယားနှင့် အီတလီ အသင်းတို့ တွေ့ဆုံခဲ့သော ပွဲစဉ်ဖြစ်သည်။ ယင်းပွဲစဉ်ကို ကိုင်တွယ်ခဲ့သော အီကွေဒေါဒိုင်လူကြီး မော်ရီနိုမှာ အိမ်ရှင်ဘက်သို့ အလေးသာစေသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး အီတလီ တိုက်စစ်မှူး တော့တီကို အငြင်းပွားဖွယ် ထုတ်ပယ်ခဲ့သလို အီတလီအသင်း သွင်းယူခဲ့သည့် ဂိုးကိုလည်း ခွင့်မပြုခဲ့ပေ။ ယင်းပွဲတွင် တောင်ကိုရီးယား အသင်းအတွက် အချိန်ပိုတွင် အန်ဂျင်းဟွာက ရွှေဂိုးသွင်းယူကာ အနိုင်ရရှိခဲ့ပြီး ဂျပန်အသင်းမှာမူ တူရကီကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ကွာတားဖိုင်နယ် ပွဲစဉ်များတွင် အင်္ဂလန်အသင်းက ဘရာဇီးလ် အသင်းကို (၁-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ရီဗာလ်ဒို၊ ရော်နယ်လ်ဒင်ဟိုတို့ သွင်းဂိုးများကြောင့် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြန်သည်။ တောင်ကိုရီးယား အသင်းမှာ ဒီတစ်ကြိမ်တွင်လည်း စပိန်အသင်းကို ပယ်နယ်တီဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်သို့ ဂျာမနီ-တောင်ကိုရီးယား၊ ဘရာဇီးလ်-တူရကီတို့ တက်ရောက်လာခဲ့ပြီး၊ အိမ်ရှင်တောင်ကိုရီးယား အသင်းမှာ ဂျာမနီ အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ တတိယနေရာ လုပွဲနှင့် ကျေနပ်ခဲ့ရသည်။ ကျန်ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဘရာဇီးလ်အသင်းက တူရကီအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တတိယနေရာ လုပွဲတွင် အိမ်ရှင် တောင်ကိုရီးယား အသင်းကို တူရကီ အသင်းက (၃-၂)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး တောင်ကိုရီးယားအသင်း ပြိုင်ပွဲအပြီးတွင် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော် တောင်ကိုရီးယား အသင်း၏ အောင်ပွဲမှာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အာရှအသင်းများ၏ အမြင့်ဆုံး အောင်ပွဲ ဖြစ်ခဲ့သလို၊ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ် တက်ရောက်သည့် ပထမဆုံး အာရှအသင်း အဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ ဗိုလ်လုပွဲတွင် ဘရာဇီးလ် အသင်းနှင့် ဂျာမနီတို့ ဆုံတွေ့ခဲ့ပြီး ဘရာဇီးလ်အသင်းက (၂-၀)ဂိုးဖြင့် အနိုင်ယူခဲ့ကာ (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းပွဲတွင် ဘရာဇီးလ် အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံး သွင်းယူပေးနိုင်ခဲ့သည့် ရော်နယ်လ်ဒိုမှာလည်း ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး (၈)ဂိုးဖြင့် ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုနှင့် ရွှေလက်အိတ်ဆုကို ပြိုင်ပွဲတစ်လျှောက် ဂိုးမပေးရသည့် ပွဲ (၅)ပွဲအထိ ရရှိခဲ့သည့် အိုလီဗာခန်းက ရရှိခဲ့သည်။


(၁၈) ကြိမ်မြောက် ၂၀၀၆ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ဂျာမနီနိုင်ငံက ရွေးချယ်ခံခဲ့ရပြီး ဒုတိယအကြိမ်မြောက် လက်ခံကျင်းပခွင့် ရခဲ့ခြင်း ဖြစ်သည်။ ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် လက်ရှိ ချန်ပီယံကို တိုက်ရိုက် ခြေစစ်ပွဲအောင်ခွင့် မပေးဘဲ အခြားအသင်းများ နည်းတူ ခြေစစ်ပွဲ ၀င်ရောက် ကစားစေခဲ့သည်။ ရုပ်သံကြည့်ရှုသူ ပရိသတ် အများဆုံး စံချိန်တင်ခဲ့ပြီး ပြိုင်ပွဲတစ်ခုလုံးအား ကြည့်ရှုသူ စုစုပေါင်း(၂၆ .၂၉) ဘီလီယံအထိ ရှိခဲ့သည်။ ပြိုင်ပွဲတစ်ခုလုံး၏ ကွင်းတွင်းကြည့်ရှုမှု ပရိသတ်မှာလည်း (၃.၄)သန်း ကျော် ရှိခဲ့ပြီး၊ တစ်ပွဲပျမ်းမျှ (၅၂၀၀၀) ကျော်အထိ ရှိခဲ့သည်။

ယခုတစ်ကြိမ် ပြိုင်ပွဲတွင် ‘ရွှေဂိုး’ စနစ်အား ပယ်ဖျက်ခဲ့ပြီး အချိန်ပို မိနစ်(၃၀) ပြီးဆုံးအောင် ကစားစေသည့် ‘ငွေဂိုး’ စနစ်ကို အသုံးပြုခဲ့သည်။ အုပ်စုပွဲစဉ်များတွင် အုပ်စု(စ) ၌ ကစားခဲ့သော သြစတြေးလျ အသင်းနှင့် ခရိုအေးရှား အသင်းတို့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့သည့် အင်္ဂလန် ဒိုင်လူကြီး ဂရဟမ်ပူးလ်မှာ ခရိုအေးရှား ကစားသမား ဆီမြူနစ်အား အ၀ါကတ် (၃)ကြိမ် ပြပြီးမှ အနီကတ်ပြသခဲ့သည်။ ရှုံးထွက်အဆင့်များ အနက် ပေါ်တူဂီနှင့် နယ်သာလန် အသင်းတို့ တွေ့ဆုံခဲ့သည့် ပွဲစဉ်မှာ ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ပြီး တစ်ဖက်လျှင် ကစားသမား(၂)ယောက်စီ အထုတ်ခံခဲ့ရကာ ပေါ်တူဂီ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကွာတားဖိုင်နယ် ပွဲစဉ်များသို့ ပြင်သစ်၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အီတလီ၊ အာ၈ျင်တီးနား၊ ယူကရိန်း၊ ဂျာမနီ၊ အင်္ဂလန်တို့ တက်ရောက်ခဲ့ကြပြီး ပြင်သစ် အသင်းက လက်ရှိချန်ပီယံ ဘရာဇီးလ် အသင်းကို (၁-၀)ဂိုး၊ အီတလီအသင်းက ယူကရိန်း အသင်းကို (၃-၀)ဂိုးတို့ဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။ ဂျာမနီနှင့် အာဂျင်တီးနား ပွဲစဉ်တွင် အချိန်ပိုအထိ တစ်ဖက် (၁)ဂိုးစီ သရေကျနေသောကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ဂျာမနီ အသင်းက အာ၈ျင်တီးနား အသင်းကို (၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကွာတားပွဲစဉ်များအနက် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ပွဲစဉ်မှာ နာမည်ကြီး အင်္ဂလန်နှင့် ပေါ်တူဂီတို့ တွေ့ဆုံခဲ့သည့် ပွဲစဉ်ဖြစ်သည်။ ယင်းပွဲစဉ်တွင် အင်္ဂလန် တိုက်စစ်မှူး ရွန်နီ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ရွန်နီ ထုတ်ပယ်ခံလိုက်ရချိန်တွင် စီရော်နယ်လ်ဒိုမှာ အရန်ခုံရှိ ပေါ်တူဂီ အသင်းဖော်များထံ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည့် လုပ်ရပ်မှာ ကမ္ဘာ့မီဒီယာများ အကြား ပျံ့နှံ့သွားခဲ့သည်။ ယင်းပွဲစဉ်မှာလည်း အချိန်ပိုအထိ ဂိုးမရှိသရေ ကျနေခဲ့သောကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့သည်။

ဆီမီးဖိုင်နယ်တွင် ဂျာမနီနှင့် အီတလီတို့ ဆုံတွေ့ခဲ့သည့် ပွဲစဉ်၌ မိနစ် (၉၀)အထိ သရေကျနေပြီး အချိန်ပို ဆက်လက်ကစားရာတွင် (၁၁၉)မိနစ်တွင် ဂရော့ဆို၊ (၁၂၁)မိနစ်တွင် ဒယ်လ်ပီယာရိုတို့ သွင်းယူခဲ့သော ဂိုးများဖြင့် အီတလီအသင်း အနိုင်ရရှိခဲ့သည်။ ကျန်ဆီမီးပွဲစဉ် ဖြစ်သည့် ပေါ်တူဂီနှင့် ပြင်သစ်အသင်းတို့ ပွဲစဉ်တွင် ပြင်သစ်အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ပြင်သစ်အသင်းက အသင်းခေါင်းဆောင် ဇီဒန်း သွင်းယူပေးခဲ့သည့် ပယ်နယ်တီ သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့သော်လည်း မာတာရာဇီက ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့သည်။ ယင်းပွဲတွင် ပြင်သစ်အသင်းခေါင်းဆောင် ဇီဒန်းမှာ အီတလီနောက်ခံလူ မာတာရာဇီကို ခေါင်းဖြင့် တိုက်ခဲ့သောကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ အချိန်ပိုတွင်လည်း တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိ၍ ပယ်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ရာ အီတလီ အသင်းက (၅)ဂိုးစလုံး ၀င်အောင် ကန်သွင်းနိုင်ခဲ့သော်လည်း ပြင်သစ်အသင်းမှ ထရာဇီဂေး လွဲချော်ခဲ့သောကြောင့် အီတလီတို့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို(၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 64

Goals scored: 147 (2.3 per match)

Attendance: 3,359,439 (52,491 per match)


Sample project image
TOURNAMENT STATISTICS

Matches played: 64

Goals scored: 145 (2.27 per match)

Attendance: 3,178,856 (49,670 per match)

(၁၉) ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အာဖရိကတိုက်က ပထမဆုံး အကြိမ်အဖြစ် ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် တောင်အာဖရိက နိုင်ငံသည် အခြေခံ အဆောက်အဦပိုင်း၊ လူနေမှု အဆင့်အတန်းပိုင်း၊ စီးပွားရေးပိုင်းတို့တွင် အခက်အခဲများ ရှိနေသည့် ကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲသည် Online မှ ရုပ်သံကြည့်ရှုမှုနှုန်း အများဆုံး ဖြစ်ခဲ့ပြီး (၉၄၂)သန်းထိ ရှိခဲ့သည်။ အာဖရိက လေမှုတ်တူရိယာဖြစ်သည့် ဗူဗူဇီလာ (Vuvuzela)မှာ ကမ္ဘာကျော်ခဲ့သော်လည်း ၎င်း၏ ဆူညံသံကြောင့် ရုပ်သံကြည့် ပရိသတ်များနှင့် လာရောက်ကြည့်ရှု ခဲ့ကြသည့် ပရိသတ်များအတွက်မူ စိတ်ကသိကအောက် အနည်းငယ် ဖြစ်ခဲ့ရသည်။

အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၉၇)နိုင်ငံ ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သမုဒ္ဒယာဇုန်မှ နယူးဇီလန်ခြေစစ်ပွဲ အောင်ခဲ့သောကြောင့် ယခုတစ်ကြိမ် ပြိုင်ပွဲသည် ၁၉၈၂ ကမ္ဘာ့ဖလားနောက်ပိုင်း တိုက်ကြီး (၆)တိုက်မှ အသင်းများ စုံစုံညီညီ ပါဝင်လာသည့် ပြိုင်ပွဲ ဖြစ်လာခဲ့သည်။ အာဖရိကဇုန်မှ (၆)သင်းအထိ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းမှာလည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ အုပ်စု(က)တွင် နောက်တစ်ဆင့် တက်ရန် ရေပန်းစားခဲ့သည့် နာမည်ကြီး ပြင်သစ်အသင်းမှာမူ နိုင်ပွဲ (၁)ပွဲမှ မရရှိဘဲ ရမှတ် (၁)မှတ်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို၊ အိမ်ရှင် တောင်အာဖရိက အသင်းမှာလည်း မက္ကဆီကို အသင်းနှင့် ရမှတ်တူခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ထို့ကြောင့် တောင်အာဖရိက အသင်းသည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် ပထမဆုံး အိမ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လက်ရှိ ချန်ပီယံ အီတလီ အသင်းမှာလည်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရပြီး လက်ရှိချန်ပီယံ အသင်းတစ်သင်းအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ ရှုံးထွက် (၁၆)သင်း အဆင့် ပွဲစဉ်များအနက် ဂျာမနီနှင့် အင်္ဂလန် အသင်းတို့ တွေ့ဆုံခဲ့သော ပွဲစဉ်တွင် အင်္ဂလန် ကွင်းလယ်လူ လမ်းပတ် သွင်းယူခဲ့သည့် ဂိုးမှာ ဂျာမနီ ဂိုးသမား နူအာကိုကျော်ကာ ဂိုးစည်းကျော်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ဂိုးအဖြစ် မသတ်မှတ်ခဲ့ပေ။ ထိုပွဲတွင် ဂျာမနီအသင်းက အင်္ဂလန်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲဖြစ်သည့် ဥရုဂွေးနှင့် ဂါနာပွဲစဉ်တွင် ပွဲပြီးခါနီး၌ ဂါနာမှ သွင်းယူလိုက်သည့် ဂိုးအား ဆွာရက်ဇ် လက်ဖြင့် ပုတ်ချခဲ့၍ အနီကတ် အပြခံခဲ့ရပြီး ဂါနာအသင်းကို ပယ်နယ်တီပါ ပေးခဲ့ရသည်။ ယင်းပယ်နယ်တီကို ဂါနာအသင်း ၀င်အောင် မကန်သွင်းနိုင်ခဲ့ပေ။ အချိန်ပိုအထိ သရေကျနေသဖြင့် ပယ်နယ်တီအထိ ရောက်ရှိခဲ့ကာ ဥရုဂွေး အသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆီမီးဖိုင်နယ်တွင် ပွဲစဉ်တစ်လျှောက် ခြေစွမ်းပြနေသည့် ဂျာမနီ အသင်းနှင့် စပိန်အသင်းတို့ ဆုံတွေ့ခဲ့ပြီး ယခုတစ်ကြိမ်တွင် ဂျာမနီအသင်း၏ နိုင်ပွဲ ရပ်တန့်ခဲ့ရကာ စပိန်အသင်းကို (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ကျန်ဆီမီးဖိုင်နယ်တွင် နယ်သာလန် အသင်းက ဥရုဂွေး အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တတိယအကြိမ်မြောက် တက်လှမ်းနိုင်ခဲ့သည်။ နယ်သာလန်နှင့် စပိန်တို့ တွေ့ဆုံခဲ့သည့် ဗိုလ်လုပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး မိနစ်(၉၀)အထိ ဂိုးမရှိသရေ ကျနေခဲ့၍ အချိန်ပို ဆက်လက် ကစားခဲ့ရာ အချိန်ပို (၁၁၆)မိနစ်တွင် အင်နီယေစတာက အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ကမ္ဘာ့ဖလားကို စပိန်တို့ ပထမဆုံးအကြိမ် ကိုင်မြှောက် နိုင်ခဲ့သည်။ ထို့အပြင် စပိန်အသင်းသည် ယူရို-၂၀၀၈ ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သလို၊ ယခု ပြိုင်ပွဲအပြီး ယူရို-၂၀၁၂ တွင်လည်း ဗိုလ်စွဲနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲကြီး (၃)ခု ဆက်တိုက် ဗိုလ်စွဲသည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။


၁၉၅၀ ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး နှစ်ပေါင်း (၆၄)နှစ်အကြာတွင် ဘရာဇီးလ်တို့ ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့သည်။ ချန်ပီယံ (၅)ကြိမ်ဖြင့် ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းဖြစ်သလို၊ ယခု တစ်ကြိမ်တွင်လည်း (၆) ကြိမ်မြောက် ချန်ပီယံဆုအတွက် ဘရာဇီးလ် ပြည်သူအားလုံး တညီတညွတ်တည်း မျှော်လင့်ခဲ့ကြသည်။ သို့သော် ပြိုင်ပွဲအပြီးတွင် ဘရာဇီးလ်၏ ရလဒ်များက ပြည်သူတွေ၏ မျှော်လင့်ချက် အားလုံးကို ချိုးဖျက်ခဲ့သည်။ အုပ်စုအဆင့် ပွဲစဉ်များတွင် ဘရာဇီးလ်အသင်း၏ မျှော်လင့်ချက် ကစားသမား နေမာ အကောင်းဆုံးပုံစံ ပြနိုင်ခဲ့ပြီး (၄)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ယခုပြိုင်ပွဲ၏ မရဏ အုပ်စုအဖြစ် အင်္ဂလန်၊ အီတလီ၊ ကော်စတာရီကာ၊ ဥရုဂွေးတို့ ပါဝင်သည့် အုစ်စု(D)ကို သတ်မှတ်ခဲ့ကြပြီး အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်မှာ အီတလီနှင့် အင်္ဂလန်အသင်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရခြင်း ဖြစ်သည်။

အုပ်စု(B)၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် စပိန် (၁-၅)နယ်သာလန်ပွဲတွင် နယ်သာလန်အသင်းအတွက် ချေပဂိုး သွင်းခဲ့သည့် ဗန်ပါစီ၏ မိုးပျံခေါင်းတိုက်ချက်မှာ ကျော်ကြားခဲ့ပြီး နယ်သာလန်တွင် အမှတ်တရ အကြွေစေ့ ပိုက်ဆံအဖြစ် ထုတ်ဝေသည်အထိ ဖြစ်ခဲ့သည်။ လက်ရှိချန်ပီယံ စပိန်အသင်းမှာလည်း ပုံစံကောင်း မပြနိုင်ခဲ့ဘဲ အုပ်စုမှ လှည့်ပြန်ခဲ့ရပြီး၊ ၂၀၀၆ ချန်ပီယံ အီတလီအသင်းကဲ့သို့ မှတ်တမ်းဆိုး ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် ပရိသတ်များကို အံ့အားသင့်စေခဲ့သည့် အသင်းမှာ အင်္ဂလန်၊ အီတလီတို့ကို အုပ်စုတွင် နောက်ကောက်ချခဲ့သလို၊ ရှုံးထွက်(၁၆)သင်း အဆင့်တွင် ဂရိကို ပယ်နယ်တီဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည့် ကော်စတာရီကာ ဖြစ်သည်။ ကော်စတာရီကာ အသင်းသည် ကွာတားဖိုင်နယ်တွင်လည်း နယ်သာလန်အသင်းကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့၍သာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။

အိမ်ရှင် ဘရာဇီးလ်အသင်းသည် (၁၆)သင်း ရှုံးထွက်အဆင့်တွင် ချီလီအသင်းကို ပယ်နယ်တီဖြင့် ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပြီး၊ ကွာတားဖိုင်နယ်တွင် ကိုလံဘီယာအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် ပုံစံကောင်းများ ပြနေသည့် ဘရာဇီးလ်-ဂျာမနီ၊ နယ်သာလန်-အာဂျင်တီးနားတို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး အကြိတ်အနယ် ပွဲစဉ်များ ဖြစ်ခဲ့သည်။ သို့သော် အိမ်ရှင် ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အဆိုးဆုံး ဆီမီးဖိုင်နယ် ရှုံးနိမ့်မှုအဖြစ် ဂျာမနီအသင်းကို အိမ်ရှင်ပရိသတ် (၆၀၀၀၀)နီးပါးရှေ့တွင် (၁-၇)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ဘရာဇီးလ် တစ်နိုင်ငံလုံးကို မျက်ရည်ဖြိုင်စေခဲ့သည်။

Sample project image
TOURNAMENT STATISTICS

Matches played: 64

Goals scored: 171 (2.67 per match)

Attendance: 3,429,873 (53,592 per match)