ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ရေဘူးဖြင့် ပစ်ပေါက်ခံရခြင်းအတွက်နယူးကာဆယ်အသင်း အရေးယူခံရဖွယ်ရှိ

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ရေဘူးဖြင့် ပစ်ပေါက်ခံရခြင်းအတွက်နယူးကာဆယ်အသင်း အရေးယူခံရဖွယ်ရှိ
Published 24 September 2018

 

 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ် (ဝ-၀) နယူးကာဆယ်ပွဲ၌ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဘစ်ဆာကာ ရေဘူးဖြင့် ပစ်ပေါက်ခံရခြင်းအတွက် နယူးကာဆယ်အသင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ၏ စုံစမ်းစစ်ဆေးမှုကို ခံရဖွယ်ရှိနေကြောင်း သိရသည်။

ယင်းပွဲ၏ ဒုတိယပိုင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်း၏ အင်္ဂလန်နောက်ခံလူ ဘစ်ဆာကာမှာ နယူးကာဆယ်ပရိသတ်များ ထိုင်နေရာ ပွဲကြည့်စင်မှ ပစ်လိုက်သော ပလတ်စတစ်ရေဘူးတစ်ဘူး ထိမှန်ခြင်းကို ခံခဲ့ရသည်။

ယင်းပွဲကစားရာ ခရစ္စတယ်ပဲလေ့စ်အသင်း၏ Selhurst Park ကွင်းသို့ နယူးကာဆယ်ပရိသတ်(၃၀၀၀)ကျော်ခန့် လာရောက်အားပေးခဲ့ပြီး နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေလည်း လာ ရောက်အားပေး သည်ကို တွေ့မြင်ရသည်။

နယူးကာဆယ်ပရိသတ်များနှင့် အဆင်မပြေဖြစ်နေသော မိုက်အက်ရှ်လေသည် ပြီးခဲ့သည့်နှစ်၊ မေလကတည်းက အသင်း၏ပွဲစဉ်များနှင့် ကင်းကွာနေသူဖြစ်ပြီး (၁၆)လအတွင်း ပထမဆုံးအဖြစ် အသင်းကို ကိုယ်တိုင်ကိုယ်ကျပြန်လည်အားပေးခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်ကမူ ယင်းလုပ်ရပ်မှာ ပရိသတ် (၃၀၀၀)ကျော်ထဲမှ ရူးမိုက်သူတစ်ဦး၏လုပ်ရပ်သာဖြစ်သည်ဟု ပွဲအပြီး ပြောကြားခဲ့သည်။

Most Read

Most Recent