မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲအား ပြန်လည်ရွေးချယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲအား ပြန်လည်ရွေးချယ်
Published 23 September 2018

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ အဖြစ် ရဲဘော်သံခဲအား ပြန်လည်ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ဘားအံခရိုင်ရှိ ABSDF ၏ ဒေါင်းတမန်ဌာနချုပ်တွင် စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်ထိ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် ABSDF ညီလာခံတွင် ဦးဆောင်ကော်မတီနှင့် ဗဟိုကော်မတီဝင်အသစ်များ ပြန်လည်ရွေးချယ်မှု ပြုလုပ်ခဲ့သည်။

အသစ်ပြန်လည်ရွေးချယ်လိုက်သော ABSDF ကော်မတီသစ်တွင် ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ရဲဘော်မျိုးဝင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ရဲဘော်ဆန်နီ၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ရဲဘော်မြင့်ဦး (ခ) မြင့်ဟိန်း၊ တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် ရဲဘော်ရဲထွတ် (ခ) လှဌေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ အဖြစ် ရဲဘော်ကျော်ကို၊ ရဲဘော်မိဆူးပွင့် (ခ)မလေးလုံ၊ ရဲဘော်မင်းဇော်တို့အပါအဝင်  ဗဟိုကော်မတီဝင် ၂၅ ဦး ပါဝင်သည်။

“ကျွန်တော်တို့တွေဟာ ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ အဖွဲ့တစ်ဖွဲ့  ဖြစ်ပါတယ်။ ကျွန်တော်တို့ကြီးပြင်းလာရတဲ့ဘဝကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနည်းတူ တော်လှန် ရေးတိုက်ပွဲဝင်ရင်း ရုန်းကန်ခဲ့ရပါတယ်။ ဒါ ကြောင့် လူထုက လိုချင်တဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးတို့ဆိုတာ မဖြစ်မနေ ဆွေးနွေးအဖြေ ရှာပြီးတော့မှ တိုင်းပြည်အတွက် အဖြေထုတ်ရမယ့်ကာလလည်း ဖြစ်ပါတယ်” ဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။

တိုင်းပြည်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းရေးနှင့် လူထုခံစားနေရသော အခက်အခဲ၊ အကျပ်အတည်းများကို ဆွေးနွေးပွဲများမှတစ်ဆင့် အမြန်ဆုံးဖြေရှင်းပေးရန် လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

“တိုင်းပြည်မှာလက်တွေ့ကျတဲ့ လူထုအ ထွေထွေ ကြုံတွေ့နေရတဲ့ စစ်ပွဲတွေ၊ အကျပ်အတည်းတွေကို အမြန်ဆုံး အဖြေရှာပေးဖို့ အချိန်ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အားလုံးလိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်  ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲ တွေကနေတစ်ဆင့် ကောင်းမွန်တဲ့ နိုင်ငံရေး ရလဒ်တွေ အဖြေရှာပေးဖို့ တောင်းဆိုလိုပါ တယ်” ဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။

ABSDF အဖွဲ့သည် အခြားသောတိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့နှင့်အတူ ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့လည်းဖြစ်သည်။

Most Read

Most Recent