ကျေးလက်နေ ပြည်သူများ တွင်ကျယ်စွာ သုံးစွဲနိုင်ရေးနှင့် ထင်း၊ မီးသွေးသုံးစွဲမှု လျှော့ချရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု တစ်သန်းအထိ ရေနံဓာတ်ငွေ့ရည် (LPG) ဖြန့်ဖြူးရန် ရည်မှန်းထား

ကျေးလက်နေ ပြည်သူများ တွင်ကျယ်စွာ သုံးစွဲနိုင်ရေးနှင့် ထင်း၊ မီးသွေးသုံးစွဲမှု လျှော့ချရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု တစ်သန်းအထိ ရေနံဓာတ်ငွေ့ရည် (LPG) ဖြန့်ဖြူးရန် ရည်မှန်းထား
Published 23 September 2018

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ထင်း၊ မီးသွေး သုံးစွဲမှု လျှော့ချနိုင်ရန်နှင့် ကျေးလက်နေ ပြည်သူများအထိ တွင်ကျယ်စွာ သုံးစွဲနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု တစ်သန်းအထိ ရေနံဓာတ်ငွေ့ရည် (LPG – Liquefied Petroleum Gas) ဖြန့်ဖြူးရန် ရည်မှန်းထားကြောင်း သိရသည်။

“LPG ကို ကျေးလက်နေ ပြည်သူများအထိ တွင်တွင်ကျယ်ကျယ် သုံးစွဲလာနိုင်စေရေးနဲ့ ထိုသို့သုံးစွဲခြင်းဖြင့်  ထင်း၊ မီးသွေး သုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေး အဆင့်အတန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် ပထမအဆင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်  အိမ်ထောင်စု တစ်သိန်းခွဲကို လည်းကောင်း၊ ဒုတိယအဆင့် ၂၀၂၀ ခုနှစ်တွင် အိမ်ထောင်စု တစ်သန်းကိုလည်းကောင်း၊ LPG ဖြန့်ဖြူးရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်နေကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အနေဖြင့် ရေနံဓာတ်ငွေ့ရည်အား ကျေးလက်ပြည်သူများအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးနှင့် မီးဖိုချောင်သုံး အခန်းကဏ္ဍအပြင်  သယ်ယူပို့ဆောင်ရေး ကဏ္ဍကိုပါ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် LPG နှင့် ပတ်သက်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် LPG Market ကိုချဲ့ထွင်သွားနိုင်မည့်  အခြေအနေ များစွာရှိကြောင်း၊ LPG Industry အနေဖြင့် ရေတိုသာမက ရေရှည်အကျိုးစီးပွားကို မျှော်မှန်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြစေလိုကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကတို့ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်မည်ဆိုလျှင် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံ၏ LPG လုပ်ငန်းများ  ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ဓာတ်အားတိုးတက် သုံးစွဲမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်း  တိုးတက်နေကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာသည့်အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ၃၁၈၉ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီး ၁၃၄၂ မဂ္ဂါဝပ် ထပ်မံလိုအပ်မည် ဖြစ်ကြောင်း၊ ယင်းအတွက် ၂၀၁၈ ခုနှစ်တွင် စက်ရုံသုံးရုံက ၄၃၉ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် စက်ရုံ လေးရုံက ၇၅၀ မဂ္ဂါဝပ်၊ ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံသုံးရုံက ၂၆၀ မဂ္ဂါဝပ်၊ ၂၀၂၁ ခုနှစ်တွင် စက်ရုံငါးရုံက ၉၇၁ မဂ္ဂါဝပ်နှင့်၂၀၂၂ ခုနှစ်မှာ စက်ရုံ ငါးရုံက ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ်ထားကြောင်း၊ အဆိုပါ စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုမှာ ရေအားစက်ရုံများမှ (၁၅ ရာခိုင်နှုန်း)၊ HFO စက်ရုံများမှ (၁၈ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများက (၃၀ ရာခိုင်နှုန်း)၊ LNG စက်ရုံများမှ (၃၂ ရာခိုင်နှုန်း) နှင့် Solar စက်ရုံများမှ ငါးရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent