တယ်ရီအား ချယ်လ်ဆီးအသင်း၏နည်းပြအဖွဲ့ဝင်ရာထူးအတွက် တံခါးဖွင့်ထားကြောင်း ဆာရီပြောကြား

တယ်ရီအား ချယ်လ်ဆီးအသင်း၏နည်းပြအဖွဲ့ဝင်ရာထူးအတွက် တံခါးဖွင့်ထားကြောင်း ဆာရီပြောကြား
Published 15 September 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက မိမိအနေဖြင့် အသင်းခေါင်းဆောင်ဟောင်း တယ်ရီအား နည်းပြအဖွဲ့ဝင်ရာထူးအတွက် တံခါးဖွင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက်(၃၇)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း တယ်ရီသည် ချယ်လ်ဆီးအသင်းတွင် (၂၂)နှစ်ကြာကျင်လည်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လက လိဂ်ချန်ပီယံရှစ်ကလပ်
အက်စတွန်ဗီလာအသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

 

တယ်ရီသည် ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားကလပ်စပါးတပ်မော်စကိုအသင်းသို့ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း မိသားစုကိစ္စကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပြီး လက်ရှိအချိန်တွင်အသင်းလက်မဲ့ဖြစ်နေသည်။

သို့ဖြစ်ရာ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက တယ်ရီအား နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ်လုပ်ကိုင်လိုပါက တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Photo: Football.London

ဆာရီက '' သူကသာ ကျွန်တော်တို့နဲ့လာရောက်ပူးပေါင်းချင်တယ်ဆိုရင် အရမ်းကိုပျော်ရွှင်မိမှာပါ။ သူနဲ့နောက်ဆုံးစကားပြောဖြစ်တုန်းကတော့ သူက တစ်ရာသီလောက် ဘောလုံးကစားချင်သေးတယ်လို့ ဆိုပါတယ်။ချယ်လ်ဆီးအသင်းက သူ့အိမ်ပါပဲ။ သူသာ ဒီကိုပြန်လာမယ်ဆိုရင် ကျွန်တော်အပါအဝင် အားလုံးအတွက်ဝမ်းသာစရာဖြစ်မှာပါ။ သူ့အနေနဲ့ တစ်ရာသီလောက် ဘောလုံးဆက်ကစားချင်သေးတယ်ဆိုရင်တော့အဲဒီအခွင့်အရေးအတွက် သူကြိုးစားနေတာကို မှန်တယ်လို့ပဲ ဆိုရပါမယ်'' ဟု ပြောကြားခဲ့သည်။

တယ်ရီသည် ချယ်လ်ဆီးအသင်းအတွက်ပွဲပေါင်း(၇၁၇)ပွဲပါဝင်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား(၅)လုံး၊ အက်ဖ်အေဖလား(၅)လုံးနှင့် ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ယူရိုပါလိဂ်ဖလား(၁)လုံး အပါအဝင် ဆုဖလားပေါင်း (၁၇)လုံးရရှိခဲ့သည်။

Most Read

Most Recent