ပရီးမီးယားလိဂ်အသင်းတစ်ဝက်မှာ ကွင်းအတွင်းပရိသတ်မရှိလျှင်ပင် အမြတ်ထွက်နေ

ပရီးမီးယားလိဂ်အသင်းတစ်ဝက်မှာ ကွင်းအတွင်းပရိသတ်မရှိလျှင်ပင် အမြတ်ထွက်နေ
Published 16 August 2018

 

Photos: Getty Images

လက်ရှိ ရုပ်သံစာချုပ်သက်တမ်း (၃)နှစ်တာ၏ ပထမဆုံးရာသီဖြစ်သည့် ၂၀၁၆-၁၇ ပြိုင်ပွဲရာသီတွင် ပရီးမီးယားလိဂ်အသင်း (၂၀) အနက် (၁၀) သင်းမှာ ကွင်းအတွင်းပရိသတ် မရှိလျှင်ပင် အခွန်မဆောင်မီ အမြတ်ထွက်ခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။

ယင်းစစ်တမ်းတွင် ပေါင် (၈.၃) ဘီလီယံတန် ရုပ်သံစာချုပ်၏ပထမနှစ်ဖြစ်သည့် ၂၀၁၆-၁၇ ရာသီ၌ ပရီးမီးယားလိဂ်အသင်း (၂၀) အနက် (၁၈) သင်းမှာ ရုပ်သံစာချုပ်မှ (၁)ပေါင်ရရှိလျှင် ကွင်းဝင်ကြေးဝင်ငွေ (၂၀) ပဲနိ အောက်သာ ရှိခဲ့သည်။ ကွင်းဝင်ကြေးမပါဝင်ဘဲနှင့် အခွန်မဆောင်မီ အမြတ်ထွက်ခဲ့မှုမှာ ၂၀၁၅-၁၆ ရာသီက (၂)သင်းသာရှိခဲ့ရာမှ ၂၀၁၆-၁၇ ရာသီတွင်မူ (၁၀) သင်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

"ပရီးမီးယားလိဂ်အသင်းတွေဟာ တစ်ရာသီကို ရုပ်သံဝင်ငွေကနေ ပျမ်းမျှ ပေါင်သန်း (၁၂၀) ဝန်းကျင်လောက် ရရှိနေပါတယ်။ ဒါကြောင့် ကလပ်အသင်းတွေဟာ ကွင်းဝင်ကြေးတွေကို မှီခိုနေစရာ မလိုတော့ပါဘူး" ဟု ရှက်ဖီးဟာလမ် တက္ကသိုလ်မှ အားကစားဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာရော့ဘ်ဝီလ်ဆင်က ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများတွင် ပရိသတ်အနည်းဆုံးဝင်ဆံ့သောကွင်းကို ပိုင်ဆိုင်ထားသည့် ဘုန်းမောက်အသင်းသည် ၂၀၁၆-၁၇ ရာသီက ပေါင် (၁၃၆.၅) သန်း ဝင်ငွေရရှိခဲ့ရာတွင် ကွင်းဝင်ကြေးမှာ ပေါင် (၅ . ၂ )သန်း သာ ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်တမ်းတွင် ပါဝင်သော အခွန်မဆောင်မီ အမြတ်ထွက်ခဲ့သည့်စာရင်း၌ ဝက်စ်ဘရွန်း၊ ဘန်လေ၊ ဟားလ်စီးတီး၊ ဆောက်သမ်တန်၊ အဲဗာတန်၊ ဝက်စ်ဟမ်း၊ စပါး၊ ဘုန်းမောက်၊ ဆွမ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်တို့ ရှိနေခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ် ကြီးငါးကြီးအဖြစ် သတ်မှတ်ခံထားရသည့် မန်ယူ၊ အာဆင်နယ်၊ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့မှာ ယင်းစာရင်းတွင် မပါဝင်ခဲ့ဘဲ မြင့်မားလှသည့် လက်မှတ်ဈေးနှုန်းများမှာ အသင်းဝင်ငွေကို အထောက်အကူပေးလျက်ရှိသည်။ မန်ယူအသင်းသည် ၂၀၁၆- ၁၇ ရာသီတွင် ကွင်းဝင်ကြေးဝင်ငွေတစ်ခုတည်းမှ ပေါင် (၁၁၁.၆) သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent