မန်ယူ၌ မိမိပြောမရသည့်ကိစ္စရပ်များရှိနေသည်ဟု ပေါ့ဘာ ဆို

မန်ယူ၌ မိမိပြောမရသည့်ကိစ္စရပ်များရှိနေသည်ဟု ပေါ့ဘာ ဆို
Published 13 August 2018

 

Photos: AFP,Daily Star

မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာက မိမိအနေဖြင့် မန်ယူအသင်း နှင့် ပတ်သက်၍ ပြောမရသည့် ကိစ္စရပ်များ ရှိနေပြီး အကယ်၍ ထုတ်ဖော်ပြောကြားခဲ့ပါက ဒဏ်ငွေချမှတ်ခံရလိမ့်မည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။ ပေါ့ဘာသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းနည်းပြ မော်ရင်ဟိုနှင့် ဆက်ဆံရေးမပြေလည်သည့်ပြဿနာများ ရှိခဲ့ပြီး ပွဲစဉ်အချို့တွင် ပါဝင်ကစားခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင်လည်း ပေါ့ဘာအား ဂျူဗင်တပ်စ်၊ ဘာစီလိုနာ အစရှိသောအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး သူ၏အနာဂတ်မှာ လှုပ်ခတ် ခဲ့သည်။ သို့ဖြစ်ရာ မန်ယူအသင်းတွင် သူ၏အနေအထားနှင့်ပတ်သက်၍ မီဒီယာများက မေးမြန်းရာ ပေါ့ဘာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ အရင်လို ပေါ့ဘာပါပဲ။ ကစားတဲ့အသင်း(၂)သင်း (ပြင်သစ်လက်ရွေးစင်အသင်းနှင့် မန်ယူအသင်း) မတူပေမယ့် ကျွန်တော့်ဘက်က ဘယ်အသင်းမှာမဆို အကောင်းဆုံး အားထုတ်ကစားပေးနေ ပါတယ်။ ကျွန်တော်ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးနေဆဲပါ။ တစ်ဦးကိုတစ်ဦး ယုံကြည်မှုထားရှိရင် အဆင်ပြေပါလိမ့်မယ်"ဟု ပေါ့ဘာက ပြောကြားခဲ့သည်။ မီဒီယာသမားတစ်ဦးက ၎င်းအနေဖြင့် လက်ရှိ မန်ယူအသင်းတွင် အဆင်ပြေပြီး ပျော်ရွှင်နေသလားဟု မေးမြန်းခဲ့ရာ ပေါ့ဘာက "ကျွန်တော့်မှာ ပြောပြလို့မရတဲ့အကြောင်းအရာတွေ ရှိနေပါတယ်။ တကယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော် ဒဏ်ငွေချခံရမှာပေါ့" ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုနှင့် မပြေလည်ခဲ့သည့် မန်ယူကစားသမားများ

ပေါ့ဘာ ■ ပြီးခဲ့သည့်ရာသီက နည်းပြ မော်ရင်ဟိုနှင့် ဆက်ဆံရေးတင်းမာခဲ့ပြီး အချို့သောပွဲစဉ်များ တွင် မော်ရင်ဟိုက ၎င်းအား ချန်လှပ်ခဲ့ရာ အသင်းပြောင်းရွှေ့လိုသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လုခ်ရှော ■ အသင်းတွင် လုခ်ရှော၏ ကြိုးစားအားထုတ်မှုကို မော်ရင်ဟိုက လူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့ပြီး အသင်း၌ နေရာပေးခြင်းမခံရဘဲ ကစားခွင့် ပျောက်ဆုံးခဲ့သည်။

စမောလင်း ■ စမောလင်းကိုလည်း လုခ်ရှောနှင့်အတူ မော်ရင်ဟိုက လူသိရှင်ကြား ဝေဖန်ခဲ့ပြီး အသင်းအတွက် ပိုမိုအားထုတ်ကစားသင့်သည်ဟု ပြောကြားခဲ့သည်။

မာစီယဲလ် ■ ပြီးခဲ့သည့်ရာသီက ၎င်းတို့နှစ်ဦး အဆင်မပြေဟု သတင်းများထွက်ပေါ် ခဲ့သလို၊ ယခုနွေရာသီကာလတွင်လည်း (မာစီယဲလ်မှာ ပြင်သစ်သို့ ပြန်သွား၍) ဆက်ဆံရေးတင်းမာခဲ့သည်။

Most Read

Most Recent