ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ကံအဆိုးဆုံးအသင်းမှာ လီဗာပူးလ် ဖြစ်သည်ဟု Luck Index စစ်တမ်း ဖော်ပြ

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ကံအဆိုးဆုံးအသင်းမှာ လီဗာပူးလ် ဖြစ်သည်ဟု Luck Index စစ်တမ်း ဖော်ပြ
Published 9 August 2018

 

Photos: ESPN,Daily Mail

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ကံအဆိုးဆုံးအသင်းမှာ လီဗာပူးလ်အသင်းဖြစ်ပြီး ကံအကောင်းဆုံးအသင်းများမှာ လက်စတာနှင့် မန်ယူအသင်းတို့ ဖြစ်ကြောင်း Luck Index ဆိုသည့် စစ်တမ်းတစ်ရပ်အရ သိရသည်။

ESPN၊ Intel နှင့် ဘတ်ချ်တက္ကသိုလ်တို့ သည် ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ပီတာဝယ်လ်တန်နှင့် ပူးပေါင်းကာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပယ်နယ်တီ၊ ပြစ်ဒဏ်ဘောနှင့် ဂိုးများပေးရာတွင် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အမှား (၁၅၀)ကျော်ကို လေ့လာဆန်းစစ်ကာ စစ်တမ်းပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းစစ်တမ်းအရ လီဗာပူးလ်အသင်းသည် အဆိုပါဖြစ်ရပ်များတွင် ပြီးခဲ့သည့်ရာသီက ကံအ ဆိုးဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြီး (၁၂)မှတ်အထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ အကယ်၍ လီဗာပူးလ်အသင်းသာ ယင်းအမှတ်များကို ရရှိခဲ့မည်ဆိုပါက ရမှတ်(၈၇)မှတ်အထိ ရှိလာမည်ဖြစ်ပြီး အဆင့် (၂) နေရာ၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကံအကောင်းဆုံးအသင်းအဖြစ် လက်စတာအသင်းက ရမှတ်(၇)မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး မန်ယူအသင်းမှာလည်း အဆိုပါဖြစ်ရပ်များတွင် မျက်နှာပေးခြင်းခံခဲ့ရပြီး ကံကောင်းကာ ရမှတ်(၆)မှတ်အထိ ရရှိခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ရမှတ် (၈၁)မှတ်ဖြင့် အဆင့်(၂)နေရာတွင် ရပ်တည်ခဲ့ပြီး ယင်း(၆)မှတ်ကိုသာ နုတ်လိုက်မည်ဆိုပါက အဆင့် (၄)နေရာသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ချန်ပီယံဖြစ်ခဲ့သည့် မန်စီးတီးအသင်းမှာလည်း ကံကောင်းခဲ့ပြီး ရမှတ်(၃)မှတ် အပိုရရှိခဲ့ခြင်းဖြစ်ကာ ယင်း(၃)မှတ်ကိုသာ နုတ်လိုက်မည် ဆိုပါက ရမှတ်(၁၀၀)ဆိုသည့်စံချိန် ရရှိတော့မည်မဟုတ် ကြောင်း သိရသည်။

ယင်းစစ်တမ်းအရ စတုတ်စီးတီးအသင်းမှာ နစ်နာခဲ့ပြီး (၄)မှတ်အထိ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အကယ်၍ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်သာ မှန်ကန်ခဲ့မည်ဆိုပါက စတုတ်စီးတီးအသင်းသည် တန်းဆင်းရမည် မဟုတ်ဘဲ ဟတ်ဒါဖီးလ်အသင်းက တန်းဆင်းရမည်ဖြစ်ကြောင်း သိရသည်။ ယင်းစစ်တမ်းတွင် ပါဝင်ခဲ့သည့် ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဝယ်လ်တန်က " ဒီစစ်တမ်းက ပွဲတစ်ပွဲမှာ ဒိုင်လူကြီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်အရေးပါတယ်ဆိုတာကို ပြသလိုက်တာပါ။ VAR စနစ်ကို သုံးဖို့ မဆုံးဖြတ်ရသေးတဲ့ ပရီးမီးယားလိဂ်အနေနဲ့ ဘယ်လိုအမှားတွေ ရှိဦးမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent