သားဖွားဆိုင်ရာ ခေတ်မီ ဆေးပညာရပ်များ အပါအဝင် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ တစ်ပါတည်းပါဝင်မည့် Tablet ဖုန်းများကို သားဖွားဆရာမများအား ထောက်ပံ့မည်

သားဖွားဆိုင်ရာ ခေတ်မီ ဆေးပညာရပ်များ အပါအဝင် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ တစ်ပါတည်းပါဝင်မည့် Tablet ဖုန်းများကို သားဖွားဆရာမများအား ထောက်ပံ့မည်
Published 15 July 2018

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်တွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုသားဖွားများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

သားဖွားဆိုင်ရာ ခေတ်မီဆေးပညာရပ်များ အပါအဝင်ပြည်သူလူထုကို ကျန်းမာရေး အသိပညာပေးရန်အတွက် ကျန်းမာရေးဆိုင်ရာ စံပြု အချက်အလက်များတစ်ပါတည်း ထည့်သွင်းထားသည့် Tablet ဖုန်းများကို သားဖွားဆရာမများအား ထောက်ပံ့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ Tablet ဖုန်းများအသုံးပြုခြင်းဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို သိရှိနိုင်ခြင်း၊ နောက်ဆုံးပေါ် ဆေးပညာရပ်များကို သိရှိနိုင်ခြင်း၊ ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်၍ ကျွမ်းကျင်မှုဆိုင်ရာ ကူညီထောက်ပံ့မှု ရယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူဦးရေ  ရာခိုင်နှုန်း ၇၀ ခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကြသည့်အတွက်ကျေး လက်ဒေသတွင်အများစု တာဝန်ထမ်းဆောင်ကြရသော သားဖွားဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားစွာ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သူနာပြု/သားဖွားများ၏ဘ၀ တက်လမ်းအတွက် ဘွဲ့ရအရာရှိများဖြစ်လာစေရန် သားဖွားသိပ္ပံဘွဲ့များပေးအပ်နိုင်ရန်လည်း စီစဉ်နေပြီး ပြည်ပအတွေ့အကြုံများရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစီအစဉ်ဖြင့် သင်တန်းများ၊ လေ့လာရေးခရီးများစေလွှတ်သွားရန်လည်း စီစဉ်ထားကြောင်းနှင့် သူနာပြု၊ သားဖွားဆရာမများအား ဝန်ကြီးဌာနက ရာထူးနေရာများပေးရန်နှင့် သားဖွားဆရာမများအတွက် ပညာရပ်ဆိုင်ရာဘွဲ့များ ပေးအပ်ရန်ဆွေးနွေးမှုများပြုလုပ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်ကို တစ်နိုင်ငံလုံးရှိ အခြေခံကျန်းမာရေးဝန်ထမ်း ၃၀၀၀၀ ခန့်အား ဖြန့်ဝေရန် စီစဉ်ထားပြီး ဦးစားပေးအနေဖြင့် ဝေးလံခက်ခဲဒေသများရှိ ကျန်းမာရေးဝန်ထမ်းများကို စတင်ဖြန့်ဝေမည်ဖြစ်သည်။

ယင်းစာအုပ်တွင် အပိုင်းကြီး ၁၂ ပိုင်း၊ စာမျက်နှာ၂၇၂ မျက်နှာပါရှိပြီး အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အားလုံးကို ဖြန့်ဝေသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်ပညာရေးဝန်ကြီးဌာနအောက်ရှိ မူလတန်း၊ အလယ် တန်းကျောင်းအုပ်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ကျောင်းများတွင် ဆက်လက်ဖြန့်ဝေမည်ဖြစ်ကြောင်းနှင့် စာအုပ်တွင် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များကို တစ်နေရာတည်း၌ စုစည်းထားသည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအကြား အိမ်တိုင်ရာရောက်ကွင်းဆင်းရာတွင် ပိုမို၍ ကျယ်ပြန့်ထိရောက်စွာ အသုံးချ နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သူနာပြုတက္ကသိုလ်နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့ မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊  လက်ရှိအချိန်အထိ သူနာပြု ၃၅၀၀၀ ကျော်နှင့်သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့်မွေးထုတ်ပြီးဖြစ်ကြောင်း၊ တက္ကသိုလ် နှင့် သင်တန်းကျောင်းအသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

အိသဉ္ဇာကျာ်

Most Read

Most Recent