ရာသီကြိုခြေစမ်းခရီးစဉ်အတွက် ပရီးမီးယားလိဂ်ကလပ်များ မိုင်ပေါင်း (၁)သိန်းကျော် ခရီးနှင်ရမည်

ရာသီကြိုခြေစမ်းခရီးစဉ်အတွက် ပရီးမီးယားလိဂ်ကလပ်များ မိုင်ပေါင်း (၁)သိန်းကျော် ခရီးနှင်ရမည်
Published 13 July 2018

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ၂၀၁၈-၁၉ ဘောလုံးရာသီအကြိုခြေစမ်းခရီးစဉ်အတွက် မိုင်ပေါင်း (၁)သိန်းကျော် ခရီးနှင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းကလပ်များသည် အမေရိကန်အပါအဝင် အာရှ၊ ဥရောပနိုင်ငံများသို့ ခြေစမ်းပွဲများသွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ခရီးနှင်ရမည့်အကွာအဝေးမှာ မိုင်ပေါင်း (၁၁၅၂၃၃)ခန့်ရှိကြောင်း ဗြိတိန် အခြေစိုက် Daily Mail သတင်းစာကဖော်ပြခဲ့ သည်။ အဆိုပါအကွာအဝေးမှာ ပြီးခဲ့သည့်နှစ်ရာသီကြိုကာလတွင် ပရီးမီးယားလိဂ်ကလပ်များသွားရောက်ခဲ့သည့် မိုင်ပေါင်း (၁၇၀၀၀၀)ထက်လျော့နည်းခဲ့သည်။

Photo: Daily Mail

ပရီးမီးယားလိဂ်ကလပ်များအနက် ချယ်လ်ဆီးအသင်းသည် သြစတြေးလျ၊ အိုင်ယာလန်၊ ပြင်သစ် စသည့်နိုင်ငံများသို့ သွားရောက်ခြေစမ်းမည်ဖြစ်ရာ အကွာဝေးဆုံးအဖြစ် မိုင်ပေါင်း (၁၉၈၆၈) ခန့် ခရီးနှင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက အသင်း (၂၀)အနက် အကွာဝေးဆုံးခရီးနှင်ခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုနှစ်တွင်မူ မိုင်ပေါင်း (၁၅၈၄၆)ခန့်ဖြင့် ဒုတိယအကွာဝေးဆုံး ခရီးနှင်ရမည်ဖြစ်သည်။ မန်ယူအသင်းမှာ (၁၄၈၉၀)မိုင်၊ စပါးအသင်းမှာ (၁၁၈၀၉)မိုင်၊ မန်စီးတီးအသင်းမှာ (၉၉၄၅)မိုင်၊ လီဗာပူးလ် (၉၀၁၂) စသဖြင့် ခရီးနှင်ကာ ခြေစမ်းပွဲများသွားရောက်ကစားရန် စီစဉ်ထားကြသည်။

ပြီးခဲ့သည့်ရာသီက အမေရိကန်ခရီးစဉ်တွင် မန်စီးတီးအသင်းနှင့် စပါးအသင်းတု့ိ ယှဉ်ပြိုင်ခဲ့စဉ်

မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်နှင့် စပါးအသင်းတို့သည် အမေရိကန်သို့သွားရောက်က International Champions Cup ပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာ စင်ကာပူခရီးစဉ်အပါအဝင် ဆွီဒင်၊ အိုင်ယာလန် စသည့် နိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။ စင်ကာပူခရီးစဉ်အတွင်း အာဆင်နယ်အသင်းသည် International Champions Cup ပြိုင်ပွဲအဖြစ် အက်သလက်တီကို၊ PSG စသည့်အသင်းများနှင့် ခြေစမ်းပွဲများကစားရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်ရာသီက အမေရိကန်ခရီးစဉ်တွင် မန်ယူအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ တွေ့ဆုံခဲ့စဉ်

မန်ယူအသင်းသည် အမေရိကန်တွင် International Champions Cup ပြိုင်ပွဲအဖြစ် အေစီမီလန်၊ လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်တို့နှင့်လည်းကောင်း၊ မန်စီးတီးအသင်းမှာ ဒေါ့မွန်၊ လီဗာပူးလ်၊ ဘိုင်ယန် မြူးနစ်တို့နှင့်လည်းကောင်း၊ လီဗာပူးလ်အသင်းမှာ ဒေါ့မွန်၊ မန်စီးတီး၊ မန်ယူတို့နှင့်လည်းကောင်း၊ စပါးအသင်းမှာ ရိုးမား၊ ဘာစီလိုနာတို့နှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ကလပ်များအနက် မိုင်အကွာအဝေးအနည်းဆုံးသွားရောက်ရမည့်အသင်းမှာ လက်စတာအသင်းဖြစ်ပြီး ခြေစမ်းပွဲ(၃)ပွဲသာ ကစားမည်ဖြစ်ကာ (၄၅၄)မိုင်သာ ခရီးနှင်ရမည်ဖြစ်ကြောင်းသိရသည်။