ဟုမ္မလင်းမြို့နယ်တွင် မျက်နှာအဝတ်စည်းထားပြီး ဓားကိုင်ဆောင်ကာ နေအိမ်ဈေးဆိုင်အတွင်း ဓားပြတိုက်သူ အမျိုးသားကိုးဦးမှသုံးဦးအား ဖမ်းဆီးစစ်ဆေး

ဟုမ္မလင်းမြို့နယ်တွင် မျက်နှာအဝတ်စည်းထားပြီး ဓားကိုင်ဆောင်ကာ နေအိမ်ဈေးဆိုင်အတွင်း ဓားပြတိုက်သူ အမျိုးသားကိုးဦးမှသုံးဦးအား ဖမ်းဆီးစစ်ဆေး
Published 16 June 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာနှင့် နံ့သာကျေးရွာသွား ကားလမ်း ဟွေ့ကျောင်းရွှေမှော် နံ့သာအုပ်စုရှိ ဒေါ်ရီရီဝင်း၏ ဈေးဆိုင်တွင် ဇွန် ၈ ရက် ည ၈ နာရီခန့်က မျက်နှာတွင် အဝတ်များ စည်းထားပြီး ဓားကိုယ်စီကိုင်ဆောင်ကာ နေအိမ်ဈေးဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်သူ ကိုးဦးမှ သုံးဦးအား ဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အခင်းဖြစ်ပွားရာနေရာအနီးရှိ စေတီဆိပ်ကျေးရွာအုပ်စု တုံကွတ်ဈေးတန်းရှိ ကျော်ရွှေ၏တဲတွင် ဇွန် ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများကို အသေးစိတ်စစ်ဆေးပြီး နံ့သာ ကျေးရွာအုပ်စုနှင့် စေတီဆိပ်ကျေးရွာအုပ်စု အတွင်းရှိ မသင်္ကာဧည့်စိမ်းအဝင်အထွက်များကို လိုက်လံစုံစမ်းခဲ့ရာ စေတီဆိပ်ကျေးရွာ အုပ်စု တုံကွတ်ဈေးတန်းရှိ ကျော်ရွှေ၏တဲတွင် အခင်းမဖြစ်မီ ငါးရက်ခန့်က မသင်္ကာ ဧည့်စိမ်း ငါးဦးခန့် ရောက်ရှိနေထိုင်သည်ကို တွေ့ရှိရပြီး အခင်းဖြစ်ပြီးနောက် မတွေ့ရှိတော့ကြောင်း စုံစမ်းသိရှိရသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ဇွန် ၁၃ ရက် နံနက် ၈ နာရီခန့်က တုံကွတ်ဈေးတန်းရှိ ကျော်ရွှေ၏တဲအား ဝိုင်း ဝန်းပိတ်ဆို့စစ်ဆေးခဲ့ရာ ကျော်ရွှေ၏တဲတွင် တဲပိုင်ရှင်ကျော်ရွှေနှင့်အတူ ဘထွန်းနှင့်  ထွန်းချိုတို့အား မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ဇွန် ၈ ရက် ည ၈ နာရီခန့်၌ နံ့သာကျေးရွာအုပ်စု ဟွေ့ကျောင်း ရွှေမှော်ဈေးတန်းရှိ ဒေါ်ရီရီဝင်း၏ ဈေးဆိုင်အား ကောလင်းမြို့နေသူ စိုးအောင် (မိဘ အမည် စုံစမ်းဆဲ) မှ ဦးဆောင်၍ ကျော်ရွှေ၊ ဘထွန်း၊ ထွန်းချို၊ ခင်ထူး၊ ခင်ရွှေ၊ ထွန်းမြင့်ဦး၊ ဖေဉာဏ်၊ ကိုကိုချစ် (ခ) ချစ်မိုးဦး စုစုပေါင်း ကိုးဦးတို့မှ ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ဓားပြတိုက်သည့်အထဲမှ ကျော်ရွှေ၏ဝေစုအဖြစ် ရရှိသည့် ငွေကျပ်ငါးသိန်းနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လောက်လေးခွ သုံးလက်၊ လောက်စာလုံး ငါးလုံး၊ ဓားတို တစ်ချောင်း၊ ဆိုင်ကယ် နှစ်စီးနှင့် မျက်နှာဖုံးစွပ်များ သိမ်းဆည်းရရှိသဖြင့် အဆိုပါ ဓားပြမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူ ကျော်ရွှေပါ သုံးဦးအား မိုင်းကိုင်းနယ်မြေ ရဲစခန်းတွင် (ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကျန်ရှိတရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent